ရွှေကူမြို့၌ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ကျန်းမာရေးအသိပညာပေးခြင်း၊ အဟာရချက်ပြုတ် သရုပ်ပြခြင်းနှင့် စံပြမိခင်ကလေးပြိုင်ပွဲများကျင်းပ

ရွှေကူ ဩဂုတ် ၁၀

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ကျန်းမာရေး အသိပညာပေးခြင်း၊ အဟာရချက်ပြုတ်သရုပ်ပြခြင်းနှင့် စံပြမိခင်ကလေးပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန သားဖွားဆရာမ ဒေါ်အေးအေးခိုင်က ကလေးငယ်များအတွက် အာဟာရဖွံဖြိုးရေးအစားအစာများတွင် ပါဝင်သော အာဟာရများ အကြောင်းကိုလည်းကောင်း၊ မွေးကင်းစမှအသက်(၂)နှစ်အထိ ကလေးငယ်များကို မိခင်နို့ရည်တစ်မျိုးတည်းကိုသာ စနစ်တကျတိုက်ကျွေးကြရန်နှင့် ရောဂါဘယကင်းဝေးစေရန်ဆောင်ရွက်ရမည့် ကျန်းမာရေးသိမှတ်ဖွယ်ရာများကိုလည်းကောင်း အသိပညာပေးရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက  ကျန်းမာရေးနှင့်အညီ အဟာရပြည့်ဝမျှတစွာ ချက်ပြုတ် စားသောက်တတ်စေရန် ချက်ပြုတ်သရုပ်ပြခြင်းများကို‌ ဆောင်ရွက်ခဲ့ကြပြီး စံပြမိခင်နှင့်ကလေးပြိုင်ပွဲများ၊ ဆုချီးမြှင့်ပွဲများပြုလုပ်ခြင်းနှင့် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကလေးမိခင်များ၊ ကိုယ်ဝန်ဆောင်မိခင်များအား လက်ဆောင်ပစ္စည်းများပေးအပ်ခြင်းနှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် အာဟာရရှိသော အစားအစာများကို ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)