ချောင်းဆုံမြို့နယ်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းတာဝန်ပေးအပ်ပွဲနှင့် (အခြေခံစက်ချုပ်၊ ဖယောင်းတိုင်) သင်တန်းဖွင့်ပွဲကျင်းပ

ချောင်းဆုံ ဩဂုတ် ၁၀

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင်  ကျေးလက်နေပြည်သူများ အသေးစားကုန်ထုတ် လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း တာဝန်ပေးအပ်ပွဲနှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း၊ ဖယောင်းတိုင်ပြုလုပ်နည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ရွာလွတ်ကျေးရွာ ဘက်စုံခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မွန်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်းကြီး ရဲမှူးကြီးမျိုးဆွေက  အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်အိကလျာနိုင်က အမှာစကားပြောကြားရာ အသေးစားစက်မှုလက်မှု လုပ်ငန်းများ ပေါ်ထွန်းလာစေရန် ဦးတည်ကြိုးပမ်းလျက်ရှိကြောင်း၊ သင်တန်းပြီးဆုံးပါက လုပ်ငန်းလုပ်ကိုင်ရန်ဆန္ဒရှိသူ သင်တန်းသား/သူ(၁၅)ဦးကို ရွေးချယ်ပြီး လုပ်ငန်းထူထောင်နိုင်ရေး စက်ပစ္စည်းနှင့်ကုန်ကြမ်းများကို ထောက်ပံ့သွားမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။

ယင်းနောက် ကျေးရွာစီမံကိန်း ကော်မတီဝင်များအား တာဝန်ရှိသူများမှ လုပ်ငန်းတာဝန်များပေးအပ်ခြင်းနှင့် သင်တန်းအတွက် သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ကြသည်။ အဆိုပါ အခြေခံစက်ချုပ်သင်တန်းနှင့် ဖယောင်းတိုင်ပြုလုပ်နည်းသင်တန်းကို ချောင်းဆုံမြို့နယ်၊ ကျိုက်မရောမြို့နယ်နှင့် ပေါင်မြို့နယ်တို့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ် ကျေးရွာ(၃)ရွာမှ သင်တန်းသား/သူ (၄၅) ဦးဖြင့် အခြေခံစက်ချုက်သင်တန်းကို ဒေါင်းရပ်အရှေ့ ကျေးရွာနှင့်ကွမ်သဲ ကျေးရွာတို့တွင် အခြေခံသင်တန်းကာလ (၁) လ မွမ်းမံသင်တန်းကာလ (၁)လနှင့် ဖယောင်းတိုင်ပြုလုပ်နည်းသင်တန်းကို ခရိုက်သစ် ကျေးရွာတွင် (၇)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သူဇာ(ပြန်/ဆက်)