မိုးညှင်း ဩဂုတ် ၁၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းစားသုံးဆီဖူလုံမှုရှိစေရေးအတွက် ဖွံ့ဖြိုးရေးချေးငွေရယူထားသည့် ဆီစက်လုပ်ငန်းရှင်များ အမှန်တကယ်လုပ်ငန်းလည်ပတ်ခြင်း ရှိမရှိ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးထွန်းထွန်းဝင်း၊ မြို့နယ်ဦးစီးမှူးဦးဌေးမြင့်နှင့် ဆက်စပ်ဌာနဆိုင်ရာများဖြစ်ကြသည့် စားသုံးသူရေးရာဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ အသေးစားစက်မူလက်မူလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ မိုးညှင်းမြို့စိမ်းရတနာမွန်(တောင်ပိုင်း)ရပ်ကွက်တွင်ရှိသည့် မြတ်သုခဆီစက်လုပ်ငန်းအားစစ်ဆေးခဲ့ကြရာ ဆီစက်လုပ်ငန်းရှင်ဦးချစ်ငွေမှ ဆီစက်လည်ပတ်နေမှုအခြေအနေများ၊ ဆီသိုလှောင်ထားရှိမှုအခြေအနေများ၊ မြေပဲများ သိုလှောင်ထားရှိမှုအခြေအနေများနှင့် ဆီများဖြန့်ဝေရောင်းချမှု အခြေအနေများကို ရှင်းလင်းပြသခဲ့သည်။
ထို့နောက် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ ၎င်းဆီစက်လုပ်ငန်းရှင်အား အဆိုပါလုပ်ငန်းပိုမိုတို့ချဲ့ အောင်မြင်နိုင်ရေးအတွက် လိုအပ်ချက်များနှင့် အားနည်းချက်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်၍ အကြံပြုဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြတ်သုခဆီစက်လုပ်ငန်းသည် ယခုအခါတွင် နေ့စဉ်ဆီပိဿာ(၂၀၀)ခန့် ထွက်ရှိကြောင်းနှင့် ၎င်းဆီများကို ကချင်ပြည်နယ်ဒေသတွင်းအပြင် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများသို့လည်း ဖြန့်ချိလျက်ရှိကြောင်း ဆီစက်လုပ်ငန်းရှင် ဦးချစ်ငွေထံမှ သိရသည်။
ရွှေမိုးညှင်း(ပြန်/ဆက်)