မင်းပြား သြဂုတ် ၉
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် သြဂုတ်လဆန်းပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများ လေးမြို့မြစ်အတွင်း မြင့်တက်လာကာ မြစ်ကမ်းဝဲယာတစ်လျောက် မြေနိမ့်ပိုင်းကျေးရွာများနှင့် ရပ်ကွက်များတွင် ရေများဝင်ရောက်ခဲ့သည်။
အဆိုပါတောင်ကျရေများသည်သြဂုတ် ၉ ရက်နေ့ နံနက်တွင်ကျဆင်းသွားပြီး ပုံမှန်အနေအထားသို့ ရောက်ရှိနေပြီဖြစ်ရာ မင်းပြားမြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီကဥက္ကဋ္ဌ ဦးမျိုးစိုးမိုး၏ ဦးဆောင်မှုဖြင့် လေးမြို့မြစ်ရေကြီးမှုဖြင့် တင်ကျန်ရစ်သည့် ရွံ့နွန်များကို ရှင်းလင်းလျက်ရှိရာသြဂုတ် ၉ ရက်နေ့၌ မင်းပြားမြို့၊ စျေးဟောင်းပိုင်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်း (စျေးဟောင်းအရှေ့)ရှိ စာသင်ခန်းများနှင့် စာသင်ခုံများတွင် လေးမြို့မြစ်ရေကြီး၍ တင်ကျန်ရစ်သည့် ရွံ့နွန်များ၊ အမှိုက်သရိုက်များအား မင်းပြားမြိုနယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထိန်လင်းထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ရေစုပ်စက်များဖြင့် ဆေးကြောရှင်းလင်းခြင်း၊ စာသင်ခုံများအား စနစ်တကျ တန်းစီကာ သန့်ရှင်းရေး ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
သောင်းရွှေ (ပြန်/ဆက်)