ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်မြစ်အတွင်း ငါးသယံဇာတတိုးပွားစေရန် ငါးမြစ်ချင်းသားပေါက် ကောင်ရေ ငါးသိန်းစိုက်ထည့်

ဇေယျာသီရိ ဩဂုတ် ၁၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ နေပြည်တော်တိုင်းငါးလုပ်ငန်းဦးစီးဌာနမှ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာရှိ ပေါင်းလောင်းမြစ်အတွင်း ငါးမြစ်ချင်းသားပေါက်ကောင်ရေ ငါးသိန်းစိုက်ထည့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပေါင်းလောင်းမြစ်ကမ်း၌ ကျင်းပခဲ့သည်။

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ စားနပ်ရိက္ခာဖူလုံရေးနှင့် ငါးစားသုံးမှုမြင့်တက်စေရန်၊ ငါးသယံဇာတတိုးပွားပြီး ရေရှည်ငါးစားသုံးနိုင်ရန်နှင့် ငါးမျိုးပြုန်းတီးမှုကာကွယ်နိုင်ရန်ရည်ရွယ်၍ ဆည်၊ တာတမံနှင့် သဘာဝရေပြင်များအတွင်း ငါးမျိုးများစိုက်ထည့်ပေးလျက်ရှိရာ ယမန်နေ့တွင် နေပြည်တော်ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လင်းမြင့်၊ ဇေယျာသီရိမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများက ပေါင်းလောင်းမြစ်အတွင်းသို့ ငါးမြစ်ချင်းသားပေါက်အကောင်ရေ ငါးသိန်းစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)