တာချီလိတ် ဩဂုတ် ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စုရှိ ရော်ဘာစိုက်ဧက(၁၀)ဧက စိုက်ပျိုးထားသည့် ရော်ဘာစိုက်တောင်သူဦးမောင်ဝင်း၏ စိုက်ခင်းတွင် ရော်ဘာမိုးကာအုပ် အစေးခြစ်ကွင်းသရုပ်ပြပွဲအား စိုက်ပျိုးရေးဦးစီးဌာနမှ ဩဂုတ်လ ၈ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြသည်။
ယင်းသို့ဆောင်ရွက်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဇော်ထွန်းမြင့်မှ ရော်ဘာမိုးကာအုပ်အစေးခြစ်စနစ် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုရန်နှင့် တစ်ဧကအထွက်နှုန်း ပိုမိုရရှိပြီး အရည်အသွေးကောင်းမွန်သည့် ရော်ဘာများထုတ်လုပ် တင်ပို့လာနိုင်စေရေး အလေးထားဆောင်ရွက်ကြရန် အမှာစကားပြောကြားပြီး ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်း၊ နှစ်ရှည်သီးနှံဌာနခွဲမှ ဒေါက်တာမြတ်သူတို့က မိုးရာသီတွင် ရော်ဘာမိုးကာအုပ်အစေးခြစ်ဖြင့် ရော်ဘာစိုက်တောင်သူများ ဝင်ငွေတိုးတက်ရရှိစေမည့် အထွက်နှုန်းတိုးတက်ကောင်းမွန်သည့် နည်းပညာများ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များ အသီးသီးရှင်းလင်း ဆွေးနွေးခဲ့သည်။
ယင်းနောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်း၊ ခရိုင်ဦးစီးမှူး ဦးမိုးကျော်စွာဝင်း၊ မြို့နယ်ဦးစီးမှူးဦးဇော်ဝင်းမြင့်သန်းနှင့်ဝန်ထမ်းများက ရော်ဘာစိုက်တောင်သူ(၅၀)ဦးအား ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး ရာဘာမိုးကာအုပ်အစေးခြစ်လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံပေးအပ်ကာ ရော်ဘာပင်၌ မိုးကာအုပ်အစေးခြစ်ခြင်း လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေးအေးလတ်