သုံးခွ သြဂုတ် ၉
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်သုံးခွမြို့နယ်ဦးစီးမှူး ရုံးမှဝန်ထမ်းများက '"လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့"ဆောင်ပုဒ်နှင့်အညီ ယမန်နေ့ နံနက် ၉ နာရီက ဘုရားကြီးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ပန်းခင်းစီမံချက် (၂) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
ထို့သို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့နယ် (လဝကမှူး) ဒေါ်မင်းမင်းသန်းက ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသားဥပဒေအကြောင်းအရာများ၊ ပန်းခင်းစီမံချက်အကြောင်းအရာများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိခြင်းကြောင့် ရရှိမည့်အကျိုးကျေးဇူးများ၊ မပျောက်မပျက်အောင် စနစ်တကျထိန်းသိမ်းရန်လိုအပ်ပုံတို့ကို ရှင်းလင်းပြောကြားသည်။ ထို့နောက်ကျေးရွာနေ ပြည်သူများအားနိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးရာ အသက် ၁၆နှစ်မှ၁၈နှစ်ထိနှင့် အသက်၁၈နှစ်အထက် နိုင်ငံသားအရည်အချင်းပြည့်မီသူများအား လိုအပ်သောသက်သေခံ အထောက်အထားများ၊ စာရွက်စာတမ်းများစိစစ်၍ လူဦးရေ (၂၃) ဦးအား၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ်တွင် ပန်းခင်းစီမံချက် (၂) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးရာတွင် ယမန်နေ့အထိ ကျေးရွာ (၇) ရွာရှိ လူဦးရေ (၁၇၆) ဦးအား ပြုလုပ်ပေးပြီးဖြစ်ကြောင်း မြို့နယ်လဝကဦးစီးမှူးရုံးမှ
သိရသည်၊၊
စည်သူလင်း (ပြန်/ဆက်)