ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ

ဒဂုံဆိပ်ကမ်း သြဂုတ် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် ကျန်းမာရေးဌာနတို့ပူးပေါင်းပြီး အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ကျန်းမာရေးအသိပညာပေးခြင်းနှင့် အာဟာရဒါနစားသောက်ဖွယ်ရာများ လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ပြည်သူ့ဆေးရုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် အသိပညာပေးလုပ်ငန်းဆောင်ရွက်ရာတွင် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်အေးအေးမော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဆရာဝန်ကြီး​ ​ဒေါက်တာအေးမူယာကျော်က ကလေးငယ်များအတွက် အာဟာရဖွံ့ဖြိုးရေး အစားအစာများတွင် ပါဝင်သောအာဟာရများ အကြောင်းကိုလည်းကောင်း၊ မွေးကင်းစမှ အသက်(၆)လအထိ ကလေးငယ်များကို မိခင်နို့ရည်တစ်မျိုးတည်းကိုသာ စနစ်တကျ တိုက်ကျွေးကြရန်၊ နို့ချိုတိုက်ကျွေးခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများနှင့် ရောဂါကင်းဝေးစေရန် ဆောင်ရွက်ရမည့် ကျန်းမာရေးသိမှတ်ဖွယ်ရာများ ကိုလည်းကောင်း အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အေးအေးမော်နှင့်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မာမာဆွေနှင့်အဖွဲ့ဝင်များကကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များအား လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် အာဟာရရှိသော အစားအစာများကို ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အေးမဥ္ဇူ