သုံးခွ သြဂုတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပူးပေါင်းဆောင်ရွက်သော အကျိုးတူတောင်သူများအား သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀နာရီအချိန် က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)ဗိုလ်မှူး လင်းမောင်သက်က အမှာစကားပြောကြားပြီး အောင်နိုင်သစ္စာကုမ္ပဏီမှ ကွင်းတာဝန်ခံ ဦးဖြိုးမင်းဦးက သွင်းအားစုထောက်ပံ့ပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် နိုင်ငံစီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ကျေးလက်နေတောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးအတွက် မိုးစပါးစီမံကိန်း စိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် ဝယ်ယူ၊ ကြိတ်ခွဲ၊ တင်ပို့သူအစုအဖွဲ့၊ သွင်းအားစု အစုအဖွဲ့၊ တောင်သူအစုအဖွဲ့တို့ သုံးဦး သုံးဖလှယ် သဘောတူစာချုပ် ချုပ်ဆိုခြင်းဖြစ်ပါကြောင်း၊ ဝယ်ယူကြိတ်ခွဲ တင်ပို့သူအစုအဖွဲ့မှ သွင်းအားစုအစုအဖွဲ့နှင့် ပူးပေါင်းကာ တောင်သူများထံသို့ (၁)ဧကလျင် ကျပ်(၂)သိန်းနှုန်းဖြင့် ညီမျှသော သွင်းအားစုများကို တောင်သူများအား ချေးငွေအဖြစ် ဖြန့်ဖြူးပြီး တောင်သူများမှ ထွက်ရှိလာသော သီးနှံများအား ဝယ်ယူကြိတ်ခွဲ တင်ပို့သူအစုအဖွဲ့သို့ ကာလဒေသပေါက်ဈေးဖြင့် ရောင်းချ၍ ဝယ်ယူကြိတ်ခွဲ တင်ပို့သူအစုအဖွဲ့မှ ဝယ်ယူရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသော တောင်သူ(၂၉၇)၏ စိုက်ဧက (၂၁၄၅) အတွက် သွင်းအားစုများ ဖြစ်သည့် မြေဆီများကို တောင်သူဦးကြီးများထံ တာ၀န်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်၊၊
စည်သူလင်း (ပြန်/ဆက်)