ကွတ်ခိုင်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းခွဲလ (၂) တွင် လူငယ်စကားဝိုင်းကျင်းပ

ကွတ်ခိုင် ဩဂုတ် ၁၀

ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း‌၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ဩဂုတ် ၈ ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်က အမှတ်(၅)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းခွဲလ (၂) တွင်ကျင်းပခဲ့သည်။

ရှေ့ဦးစွာအခမ်းအနားတွင် ကွတ်ခိုင်မြို့နယ်ပညာရေးမှူး ဒေါ်မြမြဦးက အဖွင့်အမှာစကားပြော ကြားခဲ့ပါသည်။ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဌေးဌေးဝင်းက လူငယ်များ ကာယ၊ ဉာဏ၊ စရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်နှင့်ပြည့်စုံပြီး ကျောင်းသား၊ ကျောင်းသူအချင်းချင်းရင်းနှီးချစ်ခင်စွာဖြင့် ဗဟုသုတများဖလှယ်နိုင်စေရန်၊ ယဉ်ကျေးလိမ္မာစွာပြောဆိုတတ်စေရန်၊ အမှားအမှန်ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် ပူးပေါင်းပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်စသည့် လူငယ်စကားဝိုင်းဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်း‌ပြောကြားခဲ့ပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်အာကာမှူး ဦးနိုင်ဝင်းက အားကစားနှင့်ပတ်သက်သည့် သိကောင်းစရာများကိုပြောကြားခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်းကို ကျင်းပရာ G-9 မှ မောင်ဟိန်းဝေယံ က “လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး”၊ G-10မှ မောင်စည်သူဖြိုးက “လူငယ်နှင့်ကြီးပွားရေး”နှင့် မသီနိုင်ဇော် က “လူငယ်နှင့်ရည်မှန်းချက်”၊ G-11မှ မောင်အောင်ဇင်ဦးက “လူငယ်နှင့်ကျန်းမာရေး” နှင့် မမြတ်မိုးခိုင်က “လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ်များဖြင့် အသီးသီးဦးဆောင်ဆွေးနွေးကြပြီး တတ်ရောက်လာကြသောကျောင်း သား၊ကျောင်းသူများကလည်း သိရှိလိုသည်များကို ပြန်လည်မေးမြန်းကြကာ ကဏ္ဍအလိုက်ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြကြောင်း သိရပါသည်။ 

ထို့နောက် ဆွေးနွေးပွဲအပြီးတွင် ဆွေးနွေးကြသည့် ကျောင်းသား/သူများအား မြို့နယ်ပြန်/ဆက် ဦးစီးမှူး‌ဒေါ်ဌေးဌေးဝင်းက အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီး မြို့နယ်အာကာမှူး ဦးနိုင်ဝင်းမှလည်း ကျောင်းအတွက် အားကစားပစ္စည်းများကို ပေးအပ်ခဲ့ကြောင်းသိရပါသည်။

ချစ်မျိုးဦး (ကွတ်ခိုင်)