ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၃ ဦး ဆေးရုံဆင်းခွင့်ရ

ညောင်ဦး အောက်တိုဘာ ၁၄

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ လူနာ ၁၃ ယောက်သည် ကျန်းမာရေးကောင်းမွန်သွားသည့်အတွက် ယနေ့နံနက်ပိုင်းက ဆေးရုံ ဆင်းခွင့်ပြုခဲ့ကြောင်း ညောင်ဦးခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာအောင်အောင်ထံက သိရသည်။

ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံဆင်းခွင့်ရသူးများမှာ ပနီတွင်းကျေးရွာမှ ၈ ဦး၊ ညောင်လှကျေးရွာမှ ၂ဦး၊ နပလ္လင်ရွာမှ ၁ဦး၊ ခွေးပြုရွာမှ ၁ဦး၊ မြိုင်မြို့နယ် ခွေးပြုတ်ကျေးရွာက ၁ဦး၊ စုစုပေါင်း (၁၃) ဦး ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်းသိရသည်။ ညောင်ဦးခရိုင် ပြည်သူ့ ဆေးရုံကြီးမှ နံနက် ၁၁ နာရီအချိန်တွင် ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နှင့်အညီ သတ်မှတ်ရက်လည်းစေ့ကာ၊ ကျန်းမာရေး လည်းကောင်းမွန်တဲ့အတွက် ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း၊ ဆေးရုံဆင်းခွင့်ရသူတွေ အနေဖြင့် နေအိမ်မှာ Home Quarantine  (၇) ရက်နေ ထိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးမှ ဆင်းခွင့်ရရှိသူ ကိုဗစ်-၁၉ ရောဂါ အအတည်ပြုလူနာ ရောဂါပျောက်ကင်းသူများအား ညောင်ဦးဆေးရုံ၊ မြင့်မြတ်သူ လူမှုကူညီရေးအသင်း၊ ကရုဏာရှင် အသင်း၊ မြတ်ဒါနလူမှုကူညီရေးအသင်းတို့မှ လူနာတင်မော်တော်ကားဖြင့် ပြန်လည်ပို့ဆောင် ပေးခဲ့ကြောင်း၊ ပုဂံပလတ်စတစ်ကမ်ပိန်းအဖွဲ့မှ တစ်ဦးလျှင် နှာခေါင်းစည်း (၅၀) ခုပါ တစ်ဘူးစီ၊ အသက်ကိုးနှစ်အရွယ် ကလေးအတွက် အရုပ်ဆက်အရုပ်ဘူး တစ်ဘူး၊ အသက်နှစ်နှစ်အရွယ် ကလေးအတွက် ဂစ်တာတစ်လက်၊ အသက်ရှစ်လအရွယ် သမီးလေးအတွက် မွေ့းပွဝက်ဝံရုပ် တစ်ရုပ်တို့ကို ညောင်ဦးစားပွဲတင် တင်းနစ်ကလပ်က လက်ဆောင်ပေးအပ်ခြင်းနှင့် လမ်းတွင် စားသောက်ရန် အစားအစာနှင့် သောက်ရေသန့်ဘူးများအား FPA အဖွဲ့တို့ကလှူဒါန်း ပေးခဲ့ကြောင်း သိရသည်။

ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကုသနေသည့် ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၆၂) ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ (၄၄) ဦးရှိပြီး လက်ရှိဆေးရုံကြီး တက်ရောက်ကုသနေသူ (၁၈) ဦး ရှိနေသေးကြောင်း သိရကာ ဆေးရုံဆင်းခွင့်ရရှိသူ ၁၃ ဦးတို့အား တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်၊ ညောင်ဦးခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်း၊ ညောင်ဦးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိန်ဝင်းနှင့် ခရိုင်/မြို့နယ် တာဝန်ရှိသူများက နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

ကိုထိန်၊KPD