မချမ်းဘောမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

မချမ်းဘော သြဂုတ် ၉

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် မချမ်းဘောမြို့တွင် ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်လာစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီလွင်က အသိပညာပေးဟောပြောရာတွင် ငယ်စဥ်ကတည်းကစ၍ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများကို များများပြုလုပ်ရမည်ဖြစ်ကြောင်း၊ စာပေမှပေးသည့် ဗဟုသုတများကို ငယ်စဥ်ကတည်းက ဖတ်မှတ်လေ့လာပြီး မိမိတို့ဘဝတိုးတက်သည်ထက် တိုးတက်အောင်အစဥ် ကြိုးစားကြရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အ.လ.က မြို့မကျောင်းမှ Grade-4 ‌‌ေကျာင်းသားကျောင်းသူ ၂၅ ဦးတို့က အတွဲ(၄၇)၊ အမှတ် (၁၂)ပါလူငယ်ရေးရာ စာစုများထဲမှ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်အရက်၊ လူငယ်နှင့်ဆေးလိပ်စသည့် ခေါင်းစဥ်များဖြင့် ပါဝင်ယှဥ်ပြိုင်ကြပြီး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြကြောင်းသိရသည်။

ထို့နောက် စာဖတ်စွမ်းရည်ပြိုင်ပွဲတက်ရောက်လာကြသော ကျောင်းသားကျောင်းသူများက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ဝင်တစားကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ယောရွှေနီ (မချမ်းဘော့)