ပင်လုံမြို့စိုက်ပျိုးရေးဦးစီးဌာနတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ဓာတ်မြေသြဇာများပေးအပ်ပွဲ ကျင်းပ

ပင်လုံ သြဂုတ် ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ရုံးခန်းမတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ယူရီးယားဓာတ်မြေသြဇာဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန၊ လွိုင်လင်ခရိုင်၊ ခရိုင်ဦးစီးမှူး ဦးမျိုးမင်းသန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးရာဇာအောင်မှ ပင်လုံဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြောကြားပါသည်။ ပင်လုံမြို့စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်စိုးမိုးမှ တောင်သူများအား ယူရီးယားဓါတ်မြေသြဇာ စနစ်တကျ အသုံးပြုခြင်းတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ယူရီးယားဓာတ်မြေသြဇာများကို စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးမင်းသန်း၊ ပင်လုံမြို့အုပ်ချုပ်ရေးမှူး ဦးရာဇာအောင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးမြင့်ဆွေ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ပင်လုံမြို့ဦးစီးမှူး ဦးဝင်းထွန်းနိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်မျိုးစေ့တာဝန်ခံ ဦးသိန်းဝင်၊ ခရိုင်စီမံကိန်းတာဝန်ခံ ဒေါ်နှင်းနှင်းဖြူနှင့် ပင်လုံမြို့စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်စိုးမိုးတို့မှ တက်ရောက်လာကြသည့် ကျေးရွာအုပ်စု (၅)စုမှ တောင်သူ(၆၃)ဦးကို ယူရီးယားဓါတ်မြေသြဇာများ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ပင်လုံမြို့စိုက်ပျိုးရေးဦးစီးဌာနမှ ပိုက်ဆံလျှော်သစ်စိမ်းမြေသြဇာကွင်းသရုပ်ပြပွဲကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)