ရန်ကုန် ဩဂုတ် ၁၀
ရန်ကုန်ကိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်သော ၂၀၂၃ခုနှစ်၊ အာဟာရဖွံဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှုဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမင်္ဂလာခန်းမတွင် ဩဂုတ်လ ၈ ရက်နေ့ နံနက် ၉ နာရီတွင် ကျင်းပသည်။
အဆိုပါ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများ၊ မြန်မာ့ဆားလုပ်ငန်းမှ တာ၀န်ရှိပုဂ္ဂိုလ်များ၊ ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးများ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဆက်လက်၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်းမှ အဖွင့်အမှာစကားပြောကြားရာ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့အနေဖြင့် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်မှုအသင်းကြီး၏ လုပ်ငန်းစဉ်များဖြစ်သော ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးလုပ်ငန်းများကို မိခင်နှင့်ကလေးငယ်များ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ပြီး စနစ်တကျ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင်လည်း တစ်တပ်တစ်အားဖြစ်စေဖို့ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေနှင့် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ လှုပ်ရှားမှုများကို နှစ်စဉ် ဩဂုတ်လတစ်လလုံး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ပထမပတ်ကို မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်၊ ဒုတိယပတ်ကို ငါးနှစ်အောက်ကလေး အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊ တတိယပတ်ကို- ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ စတုတ္ထပတ်- အိုင်အိုဒင်းချို့တဲ့ရောဂါများပပျောက်ရေး ရက် သတ္တပတ်များအနေဖြင့် သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သြဂုတ်လပထမပတ်လှုပ်ရှားမှုဖြစ်သော ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်ကို ဆောင်ရွက်ရာတွင် ဒီနှစ်အတွက် လုပ်ငန်းဆောင်ပုဒ်ဖြစ်သော “လုပ်ငန်းခွင်ဝင် မိခင်တို့ နို့ချိုတိုက်ကျွေးနိုင်စေဖို့ ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်စို့” ဟူသော ဆောင်ပုဒ်နှင့်အညီ မိခင်နို့စနစ်တကျတိုက်ကျွေးရေး လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ မိခင်နို့တိုက်ကျွေးမှုအောင်မြင်လာသည်နှင့်အမျှ ကလေးငယ်များ သေဆုံးနှုန်းကိုလည်း သိသိသာသာ လျော့ချနိုင်ကြမှာဖြစ်ပါကြောင်း၊ ထို့ကြောင့် စရိတ်ကျဉ်းပြီး အကျိုးများလှတဲ့ ကလေးအသက်(၆)လအထိ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးခြင်း၊ အသက်(၆)လပြည့်ပြီးပါက စနစ်တကျ ဖြည့်စွက်အစာကျွေးခြင်းတို့ကို သိရှိလိုက်နာစေရေး ဦးစားပေးဆောင်ရွက်ရန် အလွန်လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာဌေးလွင်မှ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ လှုပ်ရှားမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကမ္ဘာ့မိခင်နိုတိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အဟာရဖွံဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှု ဗီဒီယို ပြသခဲ့သည်။
ထို့နောက် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအေးသီတာအောင်မှ ကိုယ်ဝန်ဆောင်မိခင်များအတွက် အာဟာရဆိုင်ရာ အသိပညာပေးဟောပြောပြီးနောက် တက်ရောက်လာသူများနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဝင်များမှ ခန်းမအတွင်း ခင်းကျင်းပြသထားသော ပြခန်းငယ်များကို လေ့လာကြည့်ရှုကြသည်။
ထို့နောက် ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များအတွက် အာဟာရ ပြည့်ဝမျှတသည့် အစားအစာများအား တစ်ဦးချင်းပေးအပ်ပြီး အသက်(၅)နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေဆေးလုံး တိုက်ကျွေးခြင်းနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)