ရွာငံမြို့နယ်၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ဓာတ်‌မြေဩဇာများ ထောက်ပံ့

ရွာငံ ဩဂုတ် ၁၀

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်၌  ၂၀၂၃-၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ခြင်းကို  ဩဂုတ် (၈)ရက်၊ နံနက် (၁၀)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးက ရွာငံမြို့နယ်သည် စိုက်ပျိုးရေးကို အခြေခံပြီး စီးပွားရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိကြရာ ဆန်/ဆီ ဖူလုံမှုသည် ဒေသတစ်ခုအတွက် အလွန်အရေးကြီးသောကြောင့် ပန်းတိုင်အထွက်နှုန်းရရှိရေး စသည်များကို အဖွင့်အမှာစကား‌ ပြောကြားသည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးကျော်မျိုးသန့်က မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တောင်သူများအား ဓာတ်မြေသြဇာများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသော တောင်သူများကိုယ်စား တောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားကာ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြည်။

 ရွာငံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ မိုးစပါး လယ်စိုက်ဧက ၂၆၅၀၊ ယာစိုက်ဧက ၁၄၁၁၃  လျာထားခဲ့သော်လည်း ယခုနှစ်တွင် တောင်သူများအနေဖြင့် လျာထားစိုက်ဧကများထက် ကျော်လွန်စွာ စိုက်ပျိုးနိုင်ခဲ့ကြပြီး မိုးစပါးပန်းတိုင်အထွက်နှုန်းလယ်များကို ကျောက်မြောင်းအုပ်စု၊ ကျောက်ငှက်အုပ်စုနှင့် မြင်းကျဒိုးကျေးရွာများရှိ စိုက်ဧက (၃၅)အတွက် ဓာတ်မြေဩဇာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)