မောင်တော ဩဂုတ် ၁၀
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများ စီးဆင်းမှုပြီး ဩဂုတ် ၆ ရက်နေ့ နံနက်ပိုင်းမှစ၍ သစ်တုံးနားခွဆုံကျေးရွာတွင် ရေကြီး ရေလျှံမှု ဖြစ်ပွားခဲ့ပြီး တံတားနှစ်စင်း ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများစီးဆင်းကာ ချောင်းရေများ ရေကြီးရေလျှံလာပြီး သစ်တုံးနားကျေးရွာအုပ်စု၊ ခွဆုံကျေးရွာ၌ ရေပြည့်လျှံပြီး နေအိမ်များအတွင်းသို့ ရေနစ်မြှုပ်မှုကြောင့် ရေဘေးလွတ်ရာ အိုးထိန်းကျေးရွာရှိ UEHRD ဆောက်လုပ်ပေးထားသော စုပေါင်းခန်းမအဆောင်တွင် ယာယီနေရာချထားပြီး ခွဆုံကျေးရွာတွင် အိမ်ထောင်စု ၂၁၇ စု အနက်၊ အမျိုးသား ၁၃၃ ဦး၊ အမျိုးသမီး ၁၂၈ ဦး စုစုပေါင်း ၂၆၁ ဦးရှိရာ လတ်တလော စားသောက်ရေးအဆင်ပြေစေရေးအတွက် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မောင်တော-အောင်သပြေကားလမ်းပေါ်ရှိ သစ်တုံးနားကျေးရွာအုပ်စု၊ လကျ်ာချောင်းတံတား အလျား ၂၆၀ ပေ ၊ အနံ ၁၂ ပေ ရှိကွန်ကရစ်တိုင် ၊ သစ်သားခင်း အမျိုးအစားမှာ မောင်တောဘက်မှ အတက် တံတားအခင်းနှင့် ဘောင်းတန်း ၆၀ ပေခန့် ရေထဲမျောပါပျက်စီးခဲ့ပြီး ရဲအောင်စံရဖွေကျေးရွာအုပ်စု မာဇီးတံတား အလျား ၂၀၀ ပေ ၊ အနံ ၁၂ ပေရှိ ကွန်ကရစ်တိုင်၊ သစ်သားခင်းအမျိုးအစားမှာ တံတားအောက်၌ အမှိုက်များ ပိတ်ဆို့၍ ၂၀ ပေခန့် သစ်သားအခင်းများ မျောပါပျက်စီးခဲ့သဖြင့် ယာဉ်အသွားအလာပြတ်တောက်လျက်ရှိကာ ဩဂုတ် ၈ ရက်နေ့ ညနေပိုင်းထိ ရေကြီးမှုများဖြစ်ပေါ်လျက်ရှိပြီး ရေများပြန်လည် ကျဆင်းသွားပါက လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရေးအတွက် အမြန်ဆုံးပြုပြင်နိုင်ရန် သက်ဆိုင်ရာမှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန်