ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

စစ်တွေ ဩဂုတ် ၁၀

ရခိုင်ပြည်နယ်အတွင်း မြို့နယ်အချို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သက်ဆိုင်ရာ မြို့နယ်များရှိ မြစ်ရေများသည် စိုးရိမ်ရေအမှတ်ထက် မြင့်တက်လာခြင်းကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိပြီး ထိုမြို့နယ်များရှိ ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ထောက်ပံ့ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီလုပ်ဆောင်နိုင်ရန်အတွက် ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၈ ရက်နေ့ နေ့လယ်ပိုင်းက ပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်သဘာဝဘေးမန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြပြီး မြောက်ဦးခရိုင်နှင့် မောင်တောခရိုင်တို့မှ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conference စနစ်ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက အစည်းအဝေးသို့ တက်ရောက်ကြသည့် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများအနေဖြင့် မိမိတို့မြို့နယ်အလိုက် ရေကြီးရေလျှံမှုဖြစ်ပေါ်မှုများကို အချိန်နှင့်တပြေးညီ တင်ပြကြစေလိုကြောင်း၊ အလားတူ ကူညီကယ်ဆယ်ရေး၊ ထောက်ပံ့ပစ္စည်းများလိုအပ်မှုအခြေအနေများကိုလည်း တင်ပြကြစေလိုကြောင်း၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာနယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဆောင်ရွက်သွားကြစေလိုကြောင်း၊ ပြောင်းရွှေ့နေရာချထားမှု၊ ထိခိုက်ပျက်စီးမှုများရှိပါကလည်း အချိန်မီထောက်ပံ့နိုင်ရေးတို့ကို တင်ပြဆွေးနွေးပေးကြစေလိုကြောင်းနှင့် မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များကို အချိန်နှင့်တပြေးညီ ပို့ဆောင်ပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်နေသည့် ရာသီဥတုအခြေအနေနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်လွင်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးကျော်သူဇော်တို့က ရေဘေးသင့်ပြည်သူများအား ရွှေ့ပြောင်းပေးနေမှု၊ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ပစ္စည်းများပေးနေမှုနှင့် ထောက်ပံ့ပစ္စည်းများ ဆက်လက်ပို့ဆောင်ပေးမည့် အစီအမံများကို ရှင်းလင်းဆွေးနွေး ပြောကြားကြသည်။

ထို့နောက် Video Conference စနစ်ဖြင့် တက်ရောက်ကြသည့် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများက မိမိတို့ခရိုင်နှင့် မြို့နယ်အလိုက် မြစ်ရေကြီးမှုအခြေအနေများအား ကြိုတင်အသိပေး ဆောင်ရွက်နေမှု၊ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေမှု၊ ရေပြန်လည်ကျဆင်းနေမှု၊ ပြည်သူများအား ဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့ထားရှိမှု၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် မြို့နယ်အလိုက် လိုအပ်ချက်များကို တင်ပြကြရာ သက်ဆိုင်ရာ ပြည်နယ်ဦးစီးမှူးများက ဖြည့်စွက်ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လိုအပ်သည့် ကူညီထောက်ပံ့မှုများ အမြန်ဆုံပို့ဆောင်ပေးနိုင်ရေး၊ ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ဆောင်ရွက်နိုင်ရေး၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်မှုများနှင့်ပတ်သက်၍ အချိန်နှင့်တပြေးညီ တင်ပြနိုင်ရေး ဆွေးနွေးပြောကြားကာ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ မြောက်ဦးခရိုင်အတွင်းရှိ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်များတွင် ရေဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများ၊ ဆေးဝါးများနှင့် ဓာတ်ဆားထုတ်များအား ပို့ဆောင်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)