လားရှိုးမြို့တွင် တရုတ်နိုင်ငံမှဝယ်ယူသည့် နေကြာစေ့များ ပြည်ချိန်ဖြင့်ရောင်းချရာ ဈေးကောင်းရ

လားရှိုး ဩဂုတ် ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ မြို့မဈေးကြီးအတွင်းတွင် တရုတ်နိုင်ငံမှဝယ်ယူသည့် နေကြာစေ့များကို ပြည်ချိန်များဖြင့်ရောင်းချရာ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။

လားရှိုးမြို့မဈေးကြီးအတွင်းတွင် နေကြာစေ့ကို ပြည်ချိန်ဖြင့် တစ်ပြည်လျှင် ခြောက်ထောင်ကျပ်မှ ရှစ်ထောင်ကျပ်ထိ ရောင်းချရကြောင်း သိရသည်။

ပြည်ချိန်များဖြင့် ရောင်းချလေ့ရှိသည့်  နေကြာစေ့တစ်ပြည်လျှင် ယခင်နှစ်က ကျပ်လေးထောင် ခန့်သာ ဈေးရှိသော်လည်း ယခုနှစ်တွင်မူ တက်ဈေးဖြင့် ရောင်းချနေရကြောင်း သိရသည်။

“အရင်နှစ်တုန်းကတော့ နေကြာစေ့တစ်ပြည်ကို လေးထောင်လောက်ဈေးရှိပေမယ့် ဒီတစ်နှစ်တော့ ဈေးနည်းနည်း တက်သွားတယ်။ တချို့က နေကြာစေ့ကို ပြည်ချိန်နဲ့ရောင်းတဲ့နေကြာစေ့ကိုပဲ ဝယ်စားကြတယ်။ လက်ဆောင်ပေးကြတယ်။ နယ်ဝေးကလာတဲ့သူတွေလည်း လက်ဆောင်ပေးဖို့ ပြည်ချိန်နဲ့ရောင်းတဲ့ နေကြာစေ့ကို ဝယ်ယူကြတာများတယ်။”ဟု နေကြာစေ့ရောင်းချသူ တစ်ဦးကဆိုသည်။

ပြည်ချိန်များဖြင့် ရောင်းချသည့် နေကြာစေ့များကို အငန်အရသာ၊ သစ်ကြားသီးအရသာ၊ ဆီးသီးအရသာ၊ အစိမ့်အရသာဟူ၍ ရောင်းချကြကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)