မိတ္ထီလာမြို့နယ် ပေါက်ပင်သာကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဝမ်းတွင်း သြဂုတ် ၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် တောမကျေးရွာအုပ်စု ပေါက်ပင်သာကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းအား  တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းနှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင်   ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေ ငွေကျပ် သိန်း ၁၅၀နှင့် ကျေးရွာသူ ကျေးရွာသားများ၏ စုပေါင်းအားဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် တောမကျေးရွာအုပ်စု ပေါက်ပင်သာ ကျေးရွာတွင် အရှည်ပေ ၁၆၀၀၊ အကျယ် ၁၂ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား   ကြည့်ရှုစစ်ဆေးခဲ့ပြီး  ဒုတိယညွှန်ကြားရေးမှူးချုပ်က ပေါက်ပင်သာကျေးရွာရှိ လမ်းကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ စီမံကိန်းဆောင်ရွက်ရခြင်း ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များအား ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၁၁၉ မှ လူဦးရေ ၅၃၉ ဦးတို့မှ ရာသီမရွး သွားလာရ အဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)