ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သမိုင်းအထင်ကရဘုရားများတွင် ရောင်းချနေသည့် ဈေးသည်များ စည်းစနစ်ကျစွာ ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေး

ညောင်ဦး  ဩဂုတ် ၉

မန္တလေးတိုင်းဒေသကြီး ညောင်းဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သမိုင်းအထင်ကရ ဘုရားများတွင် ရောင်းချနေသည့် ဈေးသည်များ ဈေးဆိုင်ခန်းများ စည်းစနစ်ကျစွာ ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်မှစတင်ကာ သက်ဆိုင်ရာ ဌာနဆိုင်ရာများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း သမိုင်းအထင်ကရ ဘုရားများ ဖြစ်သည့် ဗူးဘုရားနှင့် ကန်တော့ပလ္လင်ဘုရားတို့တွင် ရောင်းချလျက်ရှိသည့် ဈေးဆိုင်ခန်းများ၊ ဈေးသည်များအား စည်းစနစ်ကျစွာ ရောင်းချနိုင်ရေးအတွက် ဈေးရောင်းချရာတွင် ရှေးဟောင်း ဘုရားများထိခိုက်နိုင်သည့် ဈေးရောင်းချမှုများ၊ ရှေးဟောင်း ဘုရားများ မြင်ကွင်းကွယ်စေမည့် ဈေးရောင်းချမှုများ၊ ဘုရားဖူး လာရောက်သူများ စိတ်အနှောက်အယှက်ဖြစ်စေမည့် ဈေးရောင်းချမှုများနှင့် ဒေသခံပြည်သူများ ဈေးရောင်းချရာတွင် ရှေးဟောင်းအဆောက်အအုံများ ထိခိုက်စေမည့် ဈေးရောင်းချမှုများ မရှိစေရန်နှင့် ဈေးဆိုင်ခန်းများ ရှေးဟောင်းဘုရားများဝင်းအပြင်ဘက် ဆောက်လုပ်ရာတွင် စနစ်တကျ ရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းအား ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းစိုး၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော် (လက်ထောက်ညွှန်ကြားရေးမှူး) အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေါ်သီတာထွန်း (လက်ထောက်ညွှန်ကြားရေးမှူး)၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ဒေါ်စိုးစိုးအေး (လက်ထောက်ညွှန်ကြားရေးမှူး)တို့ ပူးပေါင်းကာ ဘုရားကြီး အပြင်ဘက်၊အတွင်းဘက်တို့တွင် ရောင်းချလျက်ရှိသော ပုဂံဒေသထွက် လက်ဆောင်ပစ္စည်း ရောင်းချလျက်ရှိသော စီးပွားရေး လုပ်ငန်းရှင်များအား ဒေသထွက်ယွန်းထည်နှင့် ပုန်းရည်ကြီးများကို နိုင်ငံတကာသို့ ထိုးဖောက်ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် ကုန်ထုတ်လုပ်မှု မြှင့်တင်နိုင်ရေးနှင့် ပုဂံ ဒေသထွက်ပစ္စည်းများ နိုင်ငံတကာ ခရီးသွားများ ကျယ်ပြန့်စွာ သိရှိဝယ်ယူအသုံးပြုနိုင်ရေးအား မြှင့်တင်ဆောင်ရွက်ရန်၊ ဈေးဆိုင်ခန်းများ စည်းစနစ်တကျရှိစွာ ကြီးကြပ်ဆောင်ရွက်ရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချမှု ရှိစေရေးနှင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စို့စွာ ပါရှိရေးတို့အတွက် ရောင်းချနေသည့် ဆိုင်ခန်းများ စစ်ဆေးခြင်း၊ တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း