မိုင်းယုမြို့၌ ဆီထွက်သီးနှံ ရေဆင်း-၁ စပ်မျိုးနေကြာများ စိုက်ပျိုး

မိုင်းယု ဩဂုတ် ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ စိုက်ပျိုးရေးဦးစီးဌာနသည် ယခုနှစ် မိုးရာသီအတွင်း ရေဆင်း-၁ စပ်မျိုးနေကြာကို တာကြန့်ကျေးရွာအုပ်စု၊ တာကြန့်ကျေးရွာ တောင်သူ ဦးကျော်စိုးခိုင်၏ ယာခင်း၌ နေကြာသီးသန့်(၃)ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိုးနေကြာစိုက်ပျိုးရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ပြုံးပြုံးနွဲ့က တောင်သူများအား နည်းပညာများ ဖြန့်ဝေခြင်း၊ ဘောင်အလိုက် စနစ်တကျ စိုက်ပျိုးခြင်း၊ ပေါင်းမြက်ရှင်းလင်းရေး နည်းလမ်းများ၊ နေကြာသီးနှံ အထွက်တိုးအောင် စနစ်တကျ ပြုစုပျိုးထောင်ခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကို ကွင်းဆင်းဖြန့်ဝေပေးလျက် ရှိသည်။

၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း ရေဆင်း-၁ စပ်မျိုးနေကြာ သီးသန့်(၃)ဧက၊ ဆင်းဧကရီ-၃ မျိုးစေ့ထုတ်စံပြကွက်(၅)ဧက၊ ဆင်းဧကရီ-၃ မိုးစပါးတင်း(၁၀၀)အထက်စံပြကွက်(၅)ဧက၊ ဆင်းဧကရီ-၃ မိုးစပါး Raised-bed စံပြကွက်(၅)ဧက၊ မိုးပဲပုတ်ရေဆင်း-၁၅ (၅)ဧက၊ ဆင်းပဒေသာ-၇ မိုးမြေပဲ(၅)ဧက၊ စီပီ-၂၈၈ မိုးအစေ့ထုတ် (၅) ဧကနှင့် နေကြာနှင့် ပဲပုတ် သီးညှပ်စိုက်ပျိုးမှု (၅)ဧကရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိုင်းယုမြို့အနေဖြင့် ယခင်နှစ် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ဆန်ဖူလုံမှု ၁၉၆ ဒသမ ၇၁ ရာခိုင်နှုန်း၊ ဆီဖူလုံမှု ၈၆ ဒသမ ၈၄ ရာခိုင်နှုန်းနှင့် ပဲဖူလုံမှု ၂၁၄ ဒသမ ၀၈ ရာခိုင်နှုန်း ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။

အားချာ