ဗိုလ်တထောင်စေတီတော်ရင်ပြင်တော်ပေါ်ရှိ ပါဒခြေတော်ရာကျောင်းဆောင် ထီးတော်တင်ခြင်း မင်္ဂလာ ကျင်းပ

ရန်ကုန်  သြဂုတ် ၉

ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ရင်ပြင်တော်ပေါ်ရှိ ပါဒခြေတော်ရာ ကျောင်းဆောင် ထီးတော်တင်ခြင်း မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီခွဲ  တွင်စေတီတော်ရင်ပြင်တော်ပေါ်ရှိ ပါဒခြေတော်ရာကျောင်းဆောင်၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တအဂ္ဂသာမိ၊ ပုညသုခကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တမေဓာနန္န၊ ပညာရာမိကမဟာကျောင်းဆရာတော်ဘဒ္ဒန္တသီလဝံသ၊ မင်္ဂလာရာမကျောင်း

တိုက်ဆရာတော် ဘဒ္ဒန္တပညာသာရာဘိဝံသ၊ လှရတနာဆရာတော် နာရဒါဘိဝံသ၊ အလှည့်ကျ သဘာပတိ ဦးအောင်ကိုဇော် ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးအောင်မြတ် ၊ ဦးတင်ရှိန် ၊ ဒေါက်တာတင်ထွန်း၊ ဦးဝင်းထူး ဦးစိန်သန်း ၊ရုံးအဖွဲ့မှူး ဦးကျော်နိုင်ထွန်းနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားကို " နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ဆက်လက်၍ အလှည့်ကျ သဘာပတိဦးအောင်ကိုဇော်မှ ထီးတော်ဘုံအဆင့်ဆင့်အား ဆရာတော်ထံသို့ ဆက်ကပ်၍၊ ဆရာတော်များမှ အန္တရာယ်ကင်း ပရိတ်တရားတော်များ ချီးမြင့်ပေးကာ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များမှ ဆရာတော်များအား လှူဖွယ်ဝတ္ထုနှင့် သင်္ကန်းခြင်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် လှရတနာဆရာတော်မှ  ဗိုလ်တထောင်စေတီတော် လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူရန်အတွက် အလှူတော်ငွေကျပ် (၃၀၀၀၀၀/)အား ဒါယိကာမများမှ အလှည့်ကျ သဘာပတိထံ လှူဒါန်းပေးပြီး လှူဒါန်းမှု အစုစုအတွက် လှရတနာဆရာတော်ဘဒ္ဒန္တနာရဒါဘိဝံသဆရာတော်မှ ရေစက်ချ အနုမောဒနာတရား ချီးမြှင့်ပေး၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

အခမ်းအနား (ဒုတိယပိုင်း)ကို နံနက် ၈ နာရီ ၅၉ မိနစ် မင်္ဂလာအချိန်တွင် အလှည့်ကျ သဘာပတိ ဦးအောင်ကိုဇော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးအောင်မြတ်တို့ ဦးဆောင်၍ ပါဒခြေတော်ရာကျောင်းဆောင် ထီးတော်တင်ခြင်း မင်္ဂလာအခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီး အလှည့်ကျသဘာပတိဦးအောင်ကိုဇော်မှ ရတနာရွှေမိုး၊ငွေမိုးများ ရွာသွန်းပေးကာ အခမ်းအနားကို "ဗုဒ္ဓသာသနံစိရံတိဌတု" သုံးကြိမ်ရွတ်ဆို၍ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ထို့နောက် ဆရာတော်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ  နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)