တောင်ကုတ် ဩဂုတ် ၉
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် တောင်ကုတ်ချောင်းရေများ မြင့်တက်ကာ ယမန်နေ့နံနက်ပိုင်းမှစ၍ မြို့ပေါ်ရပ်ကွက်များရှိ အနိမ့်ပိုင်းနေရာများတွင် ရေများစတင်ဝင်ရောက်လျက် ရှိကြောင်း သိရသည်။
ထိုသို့တောင်ကုတ်ချောင်းမှ ချောင်းရေများမြင့်တက်မှုကြောင့် မြို့ပေါ်ရပ်ကွက်များရှိ အနိမ့်ပိုင်းနေရာများဖြစ်သည့် ဂူတာရပ်ကွက်ရှိ ဆေးရုံကွက်သစ်အပိုင်းနှင့် မီးစက်ကွက်သစ် အပိုင်းတို့တွင် ရေ(၂)ပေခန့် ဝင်ရောက်လျက်ရှိပြီး အလားတူ ကံပိုင်ရပ်ကွက် ခရေလမ်းနှင့် ဇီဇဝါလမ်းတို့တွင်လည်းကောင်း၊ ချောင်းကောက်ရပ်ကွက် ဗိုလ်ဆွန်ပက်လမ်းနှင့် ပျူစောထီးလမ်းတို့တွင်လည်းကောင်း ရေများဝင်ရောက်လျက်ရှိပြီး မြို့မဈေးကြီးတွင်လည်း တောင်ကုတ်ချောင်းဘက် ခြမ်းအနီးရှိသည့် ဆိုင်ခန်း(၅၀)ခန့်သို့ ရေ(၁)ပေခန့် ဝင်ရောက်နေကြောင်း သိရသည်။
အဆိုပါ ရေဝင်ရောက်မှုရှိသည့်နေအိမ်များရှိ အိမ်ထောင်စုများအား ဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့ရန် လိုအပ်မှုရှိ/မရှိ အခြေအနေများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်လမ်းညွှန်မှုများဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက အဖွဲ့(၅)ဖွဲ့ဖွဲ့စည်းကာ အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
တောင်ကုတ်မြို့နယ်တွင် ဩဂုတ်လပထမပတ်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိရာ မွန်းလွဲ(၁)နာရီ အချိန်တိုင်းထွာချက်အရ မိုးရေချိန်လက်မ(၂.၂၀)ရှိပြီး စိုးရိမ်ရေအမှတ်မှာ ၅၂၀ စင်တီမီတာရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)