မင်းပြားမြို့နယ်၌ လေးမြို့မြစ်ရေမြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွား

မင်းပြား သြဂုတ် ၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် သြဂုတ်လအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ယမန်နေ့ထိ လေးမြို့မြစ်ရေ ဆက်လက်မြင့်တက်လျက်ရှိကြောင်း သိရသည်။

မင်းပြားမြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမျိုးစိုးမိုး၏ဦးဆောင်မှုဖြင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများက မိမိတို့၏တာဝန်ခွဲဝေမှုနယ်မြေများတွင် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်ပြီး တောင်ကျရေ အတိုးအလျော့များကို စောင့်ကြပ်ကြည့်ရှုခြင်း၊ ရေဘေးလွတ်ရာဓမ္မာရုံ၊ ဘုန်းတော်ကြီးကျောင်းများသို့ အချိန်မီပြောင်းရွှေ့ခြင်း၊ မင်းပြားမြို့နယ် မီးသတ်ဦးစီးဌာနက ရေဘေးအန္တရာယ် အသိပေးနိုးဆော်ခြင်းနှင့် ဘေးလွတ်ရာသို့ အချိန်မီပြောင်းရွှေ့နိုင်ရန် အသိပေးနိုးဆော်ခြင်းစသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။

သောင်းရွှေ(ပြန်/ဆက်)