အမ်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်သော မြေနိမ့်ပိုင်းရပ်ကွက်ရှိ အိမ်ထောင်စုများအား ရေဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့

အမ်း   ဩဂုတ် ၈

ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ဩဂုတ်လ(၅)ရက်နေ့မှ ဩဂုတ်လ (၈) ရက်နေ့အထိ မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းက အမ်းချောင်းရေနှင့် သယုချောင်းရေ မြင့်တက်လာရာ ရေနစ်မြုပ်နိုင်သော မြေနိမ့်ပိုင်းရပ်ကွက်များရှိ အိမ်ထောင်စုများအား ရေဘေးလွတ်ကင်းမည့်နေရာများသို့ ကြိုတင်ပြောင်းရွှေ့ပေးလျက်ရှိကြောင်းသိရသည်။

မြို့နယ်အတွင်း မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သော အမှတ်(၃)စျေးရပ်ကွက်ရှိ အောက်ကျင်း၊ ဇာဒီမော်ကျေးရွာ၊ အောက်ရွာကျေးရွာနှင့် စျေးတောင်ရပ်ကွက်အနိမ့်ပိုင်းရှိ နေအိမ်များအား တာဝန်ရှိသူများက မြို့ပေါ်ဘုန်းတော်ကြီးကျောင်းများနှင့် နီးစပ်ရာ ဆွေမျိုးနေအိမ်များသို့ ပြောင်းရွှေ့ပေးထားပြီဖြစ်ကြောင်း သိရသည်။

၎င်းအပြင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်-စစ်တွေလမ်းပိုင်းအမ်းမြောက်အုပ်စုရွာသာယာကျေးရွာအမ်း-တပ်တောင်လမ်းအပိုင်းရှိ ဂယ်လောင်းကျေးရွာနှင့် လုံးကျေးရွာအနီးရှိ လမ်းမကြီးများပေါ်သို့ ရေကျော်ခြင်းများဖြစ်ပေါ်လျက်ရှိပြီး သယုချောင်းနှင့် အမ်းချောင်းရေ မြင့်တက်လာသဖြင့် ကမ်းပါးပြိုမှုများ ခရမ်းကျွမ်းကျေးရွာချင်းဆက်လမ်း မြေပြိုကျမှုများ ဖြစ်ပေါ်နေသည့် အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မီးသတ်ဦးစီးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)