ပြင်ဦးလွင်မြို့ အ.ထ.က(မိုးကြိုး) တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြင်ဦးလွင် ဩဂုတ် ၇

ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာ ဗဟုသုတတိုးပွါးရရှိစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက အ.ထ.က (မိုးကြိုး) ကျောင်းခန်းမ၌ ကျင်းပရာ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်နှင့် တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ခရိုင်အားကစားမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထူးနှင့် တာဝန်ရှိသူများ၊ စာရေးဆရာ ကိုရွှေအောင်သင်းနှင့် အ.ထ.က (မိုးကြိုး)မှ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ စုံလင်စွာတက်ရောက်သည်။

ရှေးဦးစွာ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှ န်ကြားရေးမှူးဒေါ်ဝါဝါလွင်က  လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားပြီး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ဆက်လက်ကျင်းပရာ ခရိုင်အားကစားမှူး ဦးအောင်နိုင်ထူးက “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာ ကိုရွှေအောင်သင်းက “ငယ်စဉ်အရွယ်မှာပညာရှာ” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပြီး အ.ထ.က(မိုးကြိုး)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေသီထက်နွယ်ကျော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲသို့ အ.ထ.က(မိုးကြိုး)မှ ကျောင်းသား/ကျောင်းသူ (၂၀၀) ဦးခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားအပြီးတွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသ စာအုပ်များအား၊ နံရံကပ် စာစောင်များအား ကျောင်းသား /ကျောင်းသူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ဖြူလူသစ် (ခရိုင် ၊ ပြန်/ဆက် )