ပေါင် ဩဂုတ် ၈
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အုတ်ဘလောက်ရိုက်နည်းသင်တန်းဖွင့်လှစ်ခြင်းကို ကျုံကကျေးရွာတိုက်ကျောင်း၌ ယမန်နေ့နံနက် (၁၁)နာရီကဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က အခြေခံအုတ်ဘလောက်ရိုက်နည်းသင်တန်းဖွင့်လှစ်ရခြင်းဖြင့် ကျေးရွာနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ပေါ်ထွက်လာရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်လတ်က အခြေခံအုတ်ဘလောက်ရိုက်နည်းသင်တန်းဖွင့်လှစ်ရခြင်းဖြင့် ကျေးလက်နေပြည်သူများ အပိုဝင်ငွေများရရှိသွားမည်ဖြစ်ကြောင်း၊ ယခုအချိန်အခါသည် ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည့်အချိန်တွင် လူနေမှုစနစ်တဖြည်းဖြည်း တိုးတက်လာကာ သစ်၊ ဝါးများအစား အုတ်ဖြင့် ဆောက်လုပ်သည့် အိမ်များကိုသာ အသုံးပြုလာသည့်အတွက် အုတ်ဘလောက်ရိုက်နည်းသင်တန်းတက်ရောက်ခြင်းဖြင့် မိသားစုအပိုဝင်ငွေများ တိုးပွားလာမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ ဦးထင်လင်းအောင်က သင်ထောက်ကူပစ္စည်းများကို ထောက်ပံ့ပေးခဲ့ပြီး နည်းပြ ဦးဝင်းပိုင်က သင်တန်းသား (၃၀)ဦး အား ယနေ့မှစ၍ သင်ကြားပြသသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ တစ်လ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)