စစ်တွေ ဩဂုတ် ၈
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း၊ လူမှုရေးရာဝန်ကြီး ဦးစောနိုင်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်လွင်တို့သည် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်သူဇော်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက အမ်းခရိုင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှု ဆောင်ရွက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးများသည် အမ်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသစ်ဖွင့်ပွဲသို့ တက်ရောက်ကြသည်။ ရုံးသစ်ဖွင့်ပွဲတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ် ရေးမှူး ဦးကျော်သူဇော်က အမ်းခရိုင်ရုံးသစ်ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရုံးသစ်အား ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် (ကိုယ်စား) သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ကြကာ ပြည်နယ်ဝန်ကြီးများက ရခိုင်စည်တော်အဖွဲ့နှင့် ရခိုင်ရိုးရာအကအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးများနှင့်အဖွဲ့သည် အမ်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့်အဖွဲ့သည် အမ်းမြို့နယ်၊ ဂါယ်လောင်းကျေးရွာ၌ စိုက်ပျိုးရေး ဦးစီးဌာနနှင့် တောင်သူများပူးပေါင်းပြီး ပေါ်ဆန်းရင် ဧက ၄၀ မျိုးစေ့ထုတ်စိုက်ခင်း ကောက်စိုက် သရုပ်ပြပွဲသို့ သွားရောက်ကြည့်ရှုကြရာ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးနေမှုနှင့်ပြီးစီးမှုအခြေအနေများ၊ မိုးသီးနှံစိုက်ပျိုးမှုအခြေအနေ၊ မိုးစပါးစိုက်ပျိုးပြီးစီးမှုအခြေ အနေများ၊ စိုက်ပျိုးရေးအထူးဇုန် ဖော်ထုတ်မည့် အခြေအနေများနှင့် မရမ်းကလေးဆည် အဆင့်မြှင့်တင် ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးများက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ပေးပြီး တောင်သူများအား တွေ့ဆုံအားပေးစကားပြောကြားကာ စိုက်ကွင်းအတွင်းလှည့်လည်ကြည့်ရှုအားပေးကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးများနှင့်အဖွဲ့သည် အမ်းမြို့ဈေးအတွင်း ဈေးဆိုင်ခန်းများတိုးချဲ့ တည်ဆောက်နိုင်ရေးအတွက် ဈေးမြေနေရာများအား လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို မှာကြားခဲ့ကြသည်။
နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးများနှင့်အဖွဲ့သည် အမ်းမြို့၊ မြို့ဦးပရဟိတကျောင်းတိုက်သို့သွားရောက်ပြီး အမ်းမြို့နယ်ရှိ ထေရ်ကြီး၊ ဝါကြီးဆရာတော်ကြီးများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသို့တက်ရောက်၍ သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီ၊ ဆေးဝါးများနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့်အဖွဲ့သည် တည်ဆောက်ရေး(၂) တံတားအထူးအဖွဲ့(၈)မှ တည်ဆောက် လျက်ရှိသော မင်းဘူး-အမ်း-စစ်တွေလမ်းမပေါ်ရှိ သယု(ပဲပဒုံ) တံတား ၄၀၀ ပေတည်ဆောက်ရေး လုပ်ငန်းခွင်သို့ သွားရောက်ကြည့်စစ်ဆေးကြရာ တာဝန်ခံအင်ဂျင်နီယာက ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေရရှိမှုအခြေအနေများ၊ လုပ်ငန်းဆောင်ရွက်ပြီးစီးနေမှု၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံ များကို ရှင်းလင်းတင်ပြရာ သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးနိုင်ရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးအလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ကြကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)