တပ်ကုန်း ဩဂုတ် ၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ညောင်လွန့်ကျေးရွာအုပ်စု၊ ညောင်လွန့် အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ပြင်ပအသိ ပညာဗဟုသုတများ ပိုမိုရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျောင်းအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ညောင်လွန့်အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမြင့်ဆောင်က အဖွင့်အမှာစကား ပြောကြားပြီးနောက် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေ ရန်နှင့်ဗလငါးတန် ဖွံ့ဖြိုးစေရန် “လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဉ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သက်နှင်းဦးက “မီးဘေးအန္တရာယ် ကင်းရှင်းရေး လူငယ်များလည်းပါဝင်ပေး” ခေါင်းစဉ်၊ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)ဝင် စာရေးဆရာမ သင်းသင်းလှိုင်(သင်းသင်းလှိုင်-တပ်ကုန်း)က “လူငယ်နှင့်လျှောက်သောလမ်း” ခေါင်းစဉ်တို့ဖြင့် ဟောပြောခဲ့ပြီးနောက် မြို့နယ်ဥပဒေရုံးမှ ဒုတိယဥပဒေအရာရှိ ဒေါ်ဇာလီနိုင်က လူကုန်ကူးမှု ဥပဒေဆိုင်ရာများ ရှင်းလင်းဟောပြောခြင်း၊ အမှတ်(၁)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ရဲမှူးမြင့်အောင်က လူကုန်ကူးမှုအန္တရာယ်အကြောင်းကို ပရိုဂျက်တာဖြင့် ရှင်းလင်းဟောပြောခဲ့ပြီးနောက် “လူသည်ရောင်းကုန်မဟုတ်ပါ” လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ထိုဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေး နံရံကပ် စာစောင်များ၊ စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)