ပျဉ်းမနားမြို့နယ်၌ အိမ်ခြံဥယျာဉ်စိုက်ပျိုးခြင်းအတွက် မျိုးစေ့နှင့် ပံ့ပိုးပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကျင်းပ

ပျဉ်းမနား ဩဂုတ် ၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပုရွက်ဆိတ်ကုန်း စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ၌ အိမ်ခြံဥယျာဉ်စိုက်ပျိုးခြင်းအတွက် မျိုးစေ့နှင့်ပံ့ပိုးပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နေလယ်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါ အိမ်ခြံဥယျာဉ်စိုက်ပျိုးခြင်းအတွက် မျိုးစေ့နှင့်ပံ့ပိုးပစ္စည်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်း ပညာဌာနခွဲ(ရုံးချုပ်)မှ ထောက်ပံ့ပေးခြင်းဖြစ်ပြီး ပေးအပ်ပွဲတွင် ဥယျာဉ်ခြံ၊ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးထိုက်ကြွယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပျဉ်းမနားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းလင်းတို့က ပျဉ်းမနားမြို့နယ်အတွင်း စိုက်ပျိုးရေးအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ပုရွက်ဆိပ်ကုန်းကျေးရွာမှ တောင်သူ ၅၀ ဦးအတွက် ရုံးပတီ (VF-ရဲမွန် ၂)၊ ဘူး(လုံးကြီး)၊ ကြက်ဟင်းခါး(VF-ကျောက်စိမ်း)၊ တိုင်ထောင်ပဲ(မဟူရာ)၊ ခရမ်း(လုံးကြီးစိမ်း) စုစုပေါင်းမျိုးစေ့ငါးမျိုး နှစ်ထုပ်နှုန်း၊ ပံ့ပိုးပစ္စည်းများ အနေဖြင့် စိုက်ပျိုးရေးနည်းပညာစာအုပ် ၅၀ အုပ်၊ ခရင်းဂေါ်ပြား ၅၀ စုံ၊ အပင်ညှပ်ကတ်ကြေး ၅၀ ချောင်း၊ ရေဖျန်းပုံး ၅၀၊ ပျိုးဗန်း ၁၀၀ တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)