နေပြည်တော် ဩဂုတ် ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ စိုက်ဧကတိုးချဲ့ စိုက်ပျိုးရေး၊ သီးထပ်တိုးချဲ့စိုက်ပျိုးရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းရှင်များ၊ မျိုးစေ့ထုတ် လုပ်ငန်းရှင်များနှင့် သဘာဝဓာတ်မြေဩဇာ ထုတ်လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးတင်မောင်ဆွေက နေပြည်တော်ကောင်စီနယ်မြေအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ဌာနဆိုင်ရာများ၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် လက်ရှိဆောင်ရွက်နေမှုများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ အသီးသီးရှင်းလင်းတင်ပြကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်အောင် မူဝါဒနှင့်အညီ လယ်ယာကဏ္ဍမှာ တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ပြီး တစ်ဦးချင်းဝင်ငွေတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်နှစ်(၃)သီး မဖြစ်မနေ စိုက်ပျိုးရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ထားသည့်အတွက် စိုက်ပျိုးရေးကဏ္ဍမှာ တစ်နှစ်(၃)သီး စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် စားရေရိက္ခာဖူလုံရေးနှင့်ဝမ်းစာပြည့်မီရေးအတွက် ဆန်စပါးစိုက်ပျိုးထုတ်လုပ်ရာတွင် လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အရင်းအနှီးစိုက်စရိတ်များအား ထုတ်ချေးပေးလျက်ရှိသလို တောင်သူများ လိုအပ်လျက်ရှိသော သွင်းအားစုများ အရည်အသွေးပြည့်မီစွာနှင့် အချိန်မီရရှိရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူလုပ်ငန်း လုပ်ကိုင်သူများကို သွင်းအားစုတွေ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ပြီး အသားကဏ္ဍတိုးတက်လာစေရန်နှင့် အသားစားသုံးမှုဖူလုံစေရန် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အမှန်တကယ်တိုးတက်အောင် မွေးမြူသွားဖို့လိုအပ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် စိုက်ဧကတိုးချဲ့စိုက်ပျိုးရေး၊ သီးထပ်တိုးချဲ့ စိုက်ပျိုးရေးလုပ်ငန်းများအပြင် မွေးမြူရေးကဏ္ဍကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် သက်ဆိုင်ရာဌာနဆိုင်ရာများကအလေးထားပြီး အကောင်အထည်ဖော် ဆောင်ရွက်စေလိုကြောင်းပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)