ပေါင်မြို့နယ်တွင်လူငယ်များအလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ရေး ဆောင်ရွက်မည့်စီမံကိန်း အခြေခံစက်ချုပ်နည်းပညာသင်တန်း ဖွင့်လှစ်

ပေါင် ဩဂုတ် ၈

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင်လူငယ်များအလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးနိုင်ရေး ဆောင်ရွက်မည့်စီမံကိန်း အခြေခံစက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျုံကကျေးရွာ ရန်ကင်း‌ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးမောင်မြင့်က လူငယ်တိုင်းစက်ချုပ်ပညာကိုသင်ကြားထားမှ အိမ်တွင်းအသေးစားစက်မှု၊ လက်မှုဘဝမှ အကြီးစားစက်ရုံအလုပ်ရုံများသို ဦးတည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုခေတ်သည် လူတိုင်းစက်ချုပ်ပညာကို တက်မြောက်ထားဖို့ လိုအပ်ပါကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် သထုံခရိုင်အသေးစား၊စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြာ‌ရေးမှူး ဒေါ်ခင်မြတ်အေးက နိုင်ငံတော်မှထောက်ပံ့မှုဖြင့် ယခုသင်တန်းဖွင့်လှစ်ရခြင်း‌ဖြစ်ကြောင်း မိမိ၏ငွေမကုန်ဘဲ သင်တန်းတက်ရောက်ရာတွင် ‌သင်တန်းသူများအနေဖြင့် သင်တန်းပြီးဆုံးသည်ထိ တက်ရောက်ပေးကြစေလိုကြောင်း စက်ချုပ်ပညာသည် လူတိုင်းတတ်သိနားလည်အောင် အခြေခံစက်ချုပ်ပညာ သင်ထားသင့်ပါကြောင်း၊ အဝတ်အစားသည်လူတိုင်းမဖြစ်မနေဝတ်ဆင်ကြသည့်အတွက် မိမိတို့အိမ်မှာနေပြီး အပိုဝင်ငွေရရှိနိုင်ကြောင်း၊ နောက်ပိုင်းတွင် အဆင့်မြှင့်ဒီဇိုင်းနာသင်တန်းများကိုလည်း တက်ရောက်နိုင်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင်က သင်ထောက်ကူပစ္စည်းများကို သင်တန်းသူများအားထောက်ပံ့ပေးအပ်ခဲ့ပြီး အခြေခံစက်ချုပ်သင်တန်းကို စတင်ဖွင့်လှစ်ခဲ့ရာ သင်တန်းဆရာမ (၂) ဦးက သင်တန်းသူ (၁၅) ဦးကို စတင်သင်ကြားဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းကာလမှာ တစ်လကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)