မော်လမြိုင် သြဂုတ် ၈
၂၀၂၃ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ပြည်နယ်အားကစားခန်းမ၌ ကျင်းပရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် ပိုက်ကျော်ခြင်းအမျိုးသား(၃)ယောက်တွဲ မော်လမြိုင်မြို့နယ်နှင့်မုဒုံမြို့နယ်တို့ ယှဉ်ပြိုင်ကစားနေမှုများကို ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသား/အမျိုးသမီး(၂)ယောက်တွဲနှင့်(၃)ယောက်တွဲပြိုင်ပွဲတွင် ဒုတိယဆုနှင့်တတိယဆုရရှိသူများအား ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက တစ်ဦးချင်းဆုနှင့် ငွေသားဆုများအားလည်းကောင်း၊ အမျိုးသား/အမျိုးသမီး(၂)ယောက်တွဲနှင့်(၃)ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသူများအား ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်က တစ်ဦးချင်းဆု၊ ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆုများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)