သီပေါမြို့အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသဆောင်ရွက်

သီပေါ ဩဂုတ် ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ အမှတ်(၁)အခြေခံပညာအလယ်ကျောင်းခွဲတွင် ယနေ့နံနက်(၁၀)နာရီက အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်နီလာစိုးက ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အမှားအမှန်ဝေဖန်ပိုင်းခြားတတ်စေရန်၊ ပြင်ပဗဟုသုတများရရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ဟောပြောပွဲပြုလုပ်ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ လူကုန်ကူးမှုနှင့်ပတ်သက်သော အကြောင်းအရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာအကြောင်းအရာများကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်လင်းလင်းထွန်းက စားသုံးသူများ၏အခွင့်အရေးဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်မြပွင့်ဖြူက မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေးစသည့် ဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များကိုလည်းကောင်း ၊ အသီးသီးဟောပြောခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက မူးယစ်ဆေးဝါးနှင့်ပတ်သက်သော အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာနှင့် လူကုန်ကူးမှုဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်များအား ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူ၊ သီလရှင်ဆရာလေးများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခင်လေး(သီပေါ၊ ပြန်/ဆက်)