သီပေါ ဩဂုတ် ၈
မိုးသီးနှံများစိုက်ပျိုးခြင်းဖြင့် အချိန်တိုအတွင်းအကျိုးအမြတ် များရရှိစေရန်၊ တောင်သူများ ဝင်ငွေ တိုးတက်ရရှိစေရန်၊ ဒေသတွင်းစားသုံးဆီ ဖူလုံနိုင်စေရန်၊ အစားအစာဘေးအန္တရာယ် ကင်းရှင်းရန်တို့အတွက်ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ယမန်နေ့ နံနက် ၁၀နာရီကလောင်ခွန်ကျေးရွာအုပ်စု ဘုန်းကြီးကျောင်းတွင် တောင်သူနည်းပညာပေးဆွေးနွေးပွဲ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ဆွေးနွေးပွဲတွင်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းဦးက ဆီထွက်သီးနှံနေကြာ စိုက်ပျိုးခြင်းဖြင့် ဒေသတွင်းစားသုံးဆီဖူလုံနိုင်မည် ဖြစ်ကြောင်း၊ နေကြာအား သီးသန့်စိုက်ပျိုးခြင်း သာမက သီးထပ်၊ သီးညှပ်ပါစိုက်ပျိုးနိုင်သည့်အတွက် စိုက်ပျိုးရန် အထူးသင့်တော်သည့် ဆီထွက်သီးနှံဖြစ်ကြောင်း၊ အချိန်တိုအတွင်းအကျိုးအမြတ်ရရှိနိုင်သည့်သီးနှံဖြစ်ကြောင်း၊ မိုးစပါးအထွက်နှုန်း တိုးတက်စေရန် တောင်သူများအနေဖြင့် အထူးအလေး ထား စိုက်ပျိုးသင့်ကြောင်း စသည်ဖြင့်အမှာ စကားပြောကြားခဲ့သည်။
ဆက်လက်၍ မိုးစပါးအထွက်နှုန်း တိုးတက်ရေးအတွက်စိုက်နည်းစနစ်များ၊ မျိုးကောင်းမျိုးသန့် ရွေးချယ်သုံးစွဲရေး၊ ဆီထွက်နှုန်းပိုမိုတိုးတက်စေရေးအတွက် စိုက်ပျိုးနည်းစနစ်များကို ပညာပေးဆွေးနွေးခဲ့ကြောင်း၊ တောင်သူများမှ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ရာတာဝန်ရှိသူများက အသေးစိတ်ရှင်းလင်းဆွေးနွေးပေးခဲ့ကြကြောင်းနှင့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)