တနိုင်းမြို့နယ်၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ကျန်းမာရေး အသိပညာပေးခြင်းနှင့် အာဟာရဒါန စားသောက်ဖွယ်ရာများ လှူဒါန်း

တနိုင်း     သြဂုတ်    

ကချင်ပြည်နယ် တနိုင်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်ကျန်းမာရေးဌာနတို့  ပူးပေါင်းပြီး အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ကလေးကျန်းမာရေး အသိပညာပေးခြင်းနှင့် အာဟာရဒါနစားသောက်ဖွယ်ရာများ လှူဒါန်းခြင်းကို  ယမန်နေ့နံနက် ၁၀ နာရီက ပြည်သူ့ဆေးရုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် အသိပညာပေးလုပ်ငန်း ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဆရာဝန်ကြီး ဦးသန့်ဇင်ဦးက ကလေးငယ်များအတွက် အာဟာရဖွံ့ဖြိုးရေး အစားအစာများတွင် ပါဝင်သောအာဟာရများ အကြောင်းကိုလည်းကောင်း၊ မွေးကင်းစမှ အသက်(၂)နှစ်အထိ ကလေးငယ်များကို မိခင်နို့ရည်တစ်မျိုးတည်းကိုသာ စနစ်တကျ တိုက်ကျွေးကြရန်နှင့် ရောဂါကင်းဝေးစေရန် ဆောင်ရွက်ရမည့် ကျန်းမာရေးသိမှတ်ဖွယ်ရာများ ကိုလည်းကောင်းအသိပညာပေးရှင်းလင်းပြောကြားခဲ့သည်။

ထိုနောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မြင့်မြင့်ရီ အဖွဲ့ဝင်များက အသင်းပိုင်မူကြိုကျောင်းသို့သွားရောက်ပြီး လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် အာဟာရရှိသောအစားအစာများကို ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ပန်းအိ(တနိုင်း)