ဇေယျာသီရိမြို့နယ်၌ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် အခြေခံအပ် ချုပ်စက်သင်တန်းဖွင့်ပွဲကျင်းပ

ဇေယျာသီရိ ဩဂုတ် ၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်ပွဲကို ဇေယျာသီရိမြို့နယ်၊ ကျွန်းရောင်း ကျေးရွာအုပ်စု၊ ရွှေဗဟိုကျေးရွာ ရာအိမ်မှူးနေအိမ်၌ ယနေ့နံနက်ပိုင်းကကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမျိုးသန်းဦးက မိမိတို့ဌာနအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိရာ ယနေ့သင်တန်းသည် အခြေခံ အပ်ချုပ်စက်သင်တန်းဖြစ်ပြီး ယခုသင်တန်းပြီးပါက ထပ်မံ၍အဆင့်မြှင့်သင်တန်းကိုလည်း ဖွင့်ပေးသွားမှာဖြစ်ကြောင်း၊ သင်တန်းသား/ သူများအနေဖြင့် သင်တန်းတက်ပြီး မိသားစုစီးပွားရေး တစ်ဖက်တစ်လှမ်းမှ တိုးပွားလာအောင် ပြုလုပ်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် ဇေယျာသီရိခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးဦးက သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ပြီး သင်တန်းနည်းပြဆရာမ ဒေါ်ခင်လေးဆွေက သင်တန်းတွင် ပို့ချပေးသွားမည့်အကြောင်း အရာများအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ ကျွန်းရောင်းကျေးရွာအုပ်စုမှ သင်တန်းသူ ၂၀ ဦး တက်ရောက်ပြီး ဩဂုတ်လ ၈ ရက်နေ့မှ စက်တင်ဘာလ ၁၂ ရက်နေ့ထိ သင်ကြားသွားမည်ဖြစ်ရာ အခြေခံအပ်ချုပ်စက်သင်တန်းတွင် အဖြောင့်ချုပ်ရိုး၊ အကောက်ချုပ်ရိုး၊ အကွေးချုပ်ရိုး၊လေးထောင့်ချုပ်ရိုး၊ အနားလုံးချုပ်ရိုး၊ အနားလုံး ကြီးချုပ်ရိုး စုစုပေါင်းချုပ်ရိုး/ချုပ်နည်း ၁၅ မျိုး သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)