နည်းပညာတက္ကသိုလ်(ရမည်းသင်း) ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရမည်းသင်း ဩဂုတ် ၇

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် အဆင်မြင့်ပညာဦးစီးဌာန၊ နည်းပညာတက္ကသိုလ်(ရမည်းသင်း)တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်အဖြစ် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဩဂုတ် ၇ ရက် မွန်းလွဲ ၁နာရီက နည်းပညာတက္ကသိုလ်(ရမည်းသင်း)ကျောင်း၊ ဘွဲနှင်းသဘင်ခန်းမ၌ ကျင်းပပြု လုပ်သည်။

ရှေးဦးစွာ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က ပညာရေးကဏ္ဍကို နိုင်ငံတကာအဆင့်မီစေရေး၊ လူငယ်များရဲ့အနာဂါတ်၊ ထူးချွန်ထက်မြက်တဲ့ လူငယ်များပေါ်ထွက်လာစေရန် ကာယ၊ ဉာဏ၊ မိတ္တ၊ စာရိတ္တဖွံ့ဖြိုးရေး၊ အားကစားနည်းများ သရုပ်ပြသခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း အဖွင့်အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းက ‌လူထုအားကစား၊ ရိုးရာအားကစား၊ အပန်းဖြေအားကစား၊ ယှဉ်ပြိုင်အားကစားများနှင့် လူငယ်များ ကျန်းမာကြံ့ခိုင်စေရေး အားကစားကို မှန်မှန်လေ့ကျင့်ရန်၊ ကိုယ်ခံအားကောင်းစေရေး နေ့စဉ်နာရီဝက် လမ်းလျောက်ရန်၊ ကိုယ်လက်လှုပ်ရှား အားကစားခြင်းဖြင့် မိမိရည်မှန်ချက်ပန်းတိုင်အရောက် လျောက်လမ်းနိုင်ရေး၊ ကျန်းမာကြံ့ခိုင်၍ ဉာဏ်ရည်ပြည့်ဝသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရေးသည် အဓိကရည်မှန်းချက်ဖြစ်ကြောင်း ရှင်းလင်းပြောကြားကာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက ပညာဟုဆိုရာတွင် စာပေသာမက အသိပညာ၊ အတတ်ပညာနှင့် အခြားသော လောကအတတ်ပညာများ၊ လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်‌ ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ကျန်းမာရေးစသည့်‌ ခေါင်းစဉ်များဖြင့် အသိပညာပေး ရှင်းလင်းဟောပြောပြီး ရမည်းသင်းနည်းပညာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအား ဗဟုသုတဉာဏ်စမ်းမေးခွန်း(၁၀)ခု မေးမြန်းကာ တာဝန်ရှိသူများက ဆုလက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် မြန်မာနိုင်ငံ လူငယ်ရေးရာ ဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ နည်းပညာတက္ကသိုလ် (ရမည်းသင်း) ကျောင်းအုပ်ဆရာကြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာမြတ်သူမှလက်ခံ ရယူပြီးကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထိုကဲ့သို့ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ခြင်းမှာ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့် စာအုပ်စာပေများအား လေ့လာဖတ်ရှုမှု အလေ့အထဖြစ်လာ ကြစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇော်ဝင်းအောင်

ခရိုင်(ပြန်/ဆက်)