သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးမြင့်စိုး နောင်တရားဒေသရှိ ဖွံဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရူ

နောင်တရား ဩဂုတ်လ ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် နောင်တရားဒေသရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမူကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် အဖွဲ့ဝင်များက ဩဂုတ်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရူသည်။

ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် အဖွဲ့ဝင်များသည် နောင်တရားဒေသအတွင်းရှိ တီကျစ်ကျေးရွာအုပ်စု၊ နောင်မွန်ကျေးရွာ၌ ရွှေတက်တိုး မွေးမြူရေးသမဝါယမအသင်း လီမိတက်မှ ဒေသနွား(၃၀)ကောင် မွေးမြူထားသည့် နွားမွေးမြူရေးလုပ်ငန်းကို ကြည့်ရူစစ်ဆေးပြီး ဒေသခံပြည်သူများက ကျေးရွာလိုအပ်ချက်များဖြစ်သည့် သောက်သုံးရေရရှိရေး၊ ကျေးရွာကုန်ထုတ်လမ်နှင့် ကျေးရွာဖွံ့ဖြိုးရေးအတွက် မြစိမ်းရောင်ချေးငွေများ ရရှိရေးစသည့် ကျွေးဖွံ့ဖြိုးရေးအတွက် ကျေးရွာလိုအပ်ချက်များကို တင်ပြသည်။ ထို့နောက် ဒုတိယဝန်ကြီးမှ ကျေးရွာလိုအပ်ချက်များ ဖြည့်စည်းနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနစိတ်တာဝန်ခံများနှင့် ပေါင်းစပ်ညှိနိုင်းခဲ့သည်။ အဆိုပါကျေးရွာသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ မွေးမြူရေးလုပ်ငန်းများအတွက် အတိုးနှုန်းသက်သာသည့် ချေးငွေကျပ်သိန်း(၃၀၀)ကို ရွှေတက်တိုး မွေးမြူရေးသမဝါယမအသင်း လီမိတက်မှ အသင်းဝင်(၁၅)ဦးအတွက် တစ်ဦးလျှင် ကျပ်(၂၀)သိန်း ထုတ်ချေးထားကြောင်း သိရသည်။

နောင်တရားမြို့၌ တည်ဆောက်နေသည့် သဘာဝဇီဝမြေဩဇာစက်ရုံ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ကြည့်ရူစစ်ဆေးပြီး စက်ရုံတည်ဆောက်မူအခြေအနေနှင့် စက်ရုံလည်ပတ်နိုင်မည် အခြေအနေများကို နောင်တရားအာလူးစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းဥက္ကဋ္ဌ ဦးခွန်ဆန်းဦးက ရှင်းလင်းတင်ပြသည်။ သဘာဝမြေဩဇာစက်ရုံ လည်ပတ်နိုင်ရေးအတွက် လိုအပ်ချက်များကို ပြည်ထောင်စု ဒုတိယဝန်ကြီးက ဖြည့်စွတ်မှာကြားခဲ့သည်။ ထို့နောက် နောင်တရားအာလူးစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းဥက္ကဋ္ဌ ဦးခွန်ဆန်းဦးမှ ပအိုဝ်းလူမျိုးများ ဝတ်စားဆင်ယဉ်မှု ဓါတ်ပုံကို ဒုတိယဝန်ကြီးသို့ အမှတ်တရလက်ဆောင်ပေး အပ်ခဲ့သည်။

သဘာဝမြေဩဇာစက်ရုံ စတင်လည်ပတ်ပါက တစ်ရက်လျှင် စက်ရုံမှသဘာဝမြေဩဇာ ၅၀ ကီလိုဂရမ် အိတ်ရေ(၈၀၀)အိတ် ထုတ်လုပ်နိုင်မည်ဖြစ်သည်။ အဆိုပါသဘာဝမြေဩဇာ သုံးစွဲခြင်းကြောင့် စိုက်ပျိုးရေးတောင်သူများ ဓါတုမြေဩဇာရှားပါးမှုနှင့် ဓါတုဓါတ်ကြွင်းဒဏ်သင့် မှုအပေါ် ကုစားနိုင်ခြင်း၊ ဓါတ်မြေဩဇာ အစားထိုးစိုက်ပျိုးနိုင်ခြင်း၊ ပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်သည့် စားဖိုချောင်သီးနှံများ စားသုံးနိုင်ခြင်း၊ တောင်သူများ၏ စိုက်ပျိုးသီးနှံ အထွက်နှုန်း တိုးသည့်အပြင် စိုက်ပျိုးရေးစရိတ်များ လျော့ချလာနိုင်ပြီး ဝင်ငွေတိုးပွားကာ လူနေမှုဘဝ မြင့်မားစွာ ရပ်တည်နိုင်သည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဟု သိရသည်။

ခွန်အောင်(နောင်တရား)