ကျောက်ဆည် ဩဂုတ် ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကွမ်းရွက်ဈေး ကောင်းမွန်ပြီး ကွမ်းရွက်(၁)ပိဿာ ငွေကျပ်(၉၀၀၀)မှ(၁၀၀၀၀)ကျပ် ရောင်းချရဖြင့် ကွမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်းနှင့် ကွမ်းရွက်များ ခူးဆွတ်ရောင်းချရာတွင် ကွမ်းခြံကောင်းပါက (၅)နှစ်အထိ (၁၀)ရက်အကြာ တစ်ကြိမ် ခူးဆွတ်ရောင်းချရကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရှိရသည်။
ကွမ်းပင်သည် ရာသီဥတုနှင့်ပိုးမွှားဒဏ်ခံနိုင်မှုအားနည်းပါးပြီး အပျက်အစီးလွယ်ကူသောကြောင့် ကွမ်းစိုက်ကျွမ်းကျင်သည့် တောင်သူအနည်းစုသာ စိုက်ပျိုးကြကြောင်း စိုက်ပျိုးရာတွင်သွင်းအားစုများပြီး နေ့စဉ်အလေးထားကြည့်ရှုရကာ ကျွမ်းကျင်မှုနည်းပြီး ဂရုစိုက်မှုနည်းပါက ပိုးမွှားများကျရောက်ပြီး ကွမ်းရွက်အထွက်နှုန်းကျဆင်းကာ ကွမ်းခြံပျက်စီးသည်အထိ ဆုံးရှုံးနိုင်ကြောင်း ငါးလုံကုန်းကျေးရွာမှ ကွမ်းစိုက်တောင်သူ ဦးမြင့်သောင်းက ပြောပြ၍ သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် မှိုင်းပန်၊ သံရွာ၊ ညွှန့်ပင်၊ အေးရွာ၊ အရှေ့သပြေသာ၊ ၊ ကုလရွာ၊ ကျားကာ၊ ဈေးရွာ၊ ရဲကြီး၊ ကိုးပင်၊ မြောင်းဦး၊ ပွတ္တိုင်၊ ငါးလုံကုန်း၊ ပုထိုးတိုင်၊ အနောက်ငယ်တိုးကျေးရွာများတွင် ကွမ်းအများဆုံးစိုက်ပျိုးကြကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရသည်။
သက်မောင်(ကျောက်ဆည်)