တာချီလိတ်မြို့ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ လမ်းဘေးဈေးရောင်းချသူများနှင့် စည်းကမ်းထိန်းသိမ်းရေး အစည်းအဝေးပြုလုပ်

တာချီလိတ် ဩဂုတ် ၇

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ဈေးရောင်းချသူများအား စနစ်တကျဖြစ်စေရေးနှင့် လမ်းသွား/လမ်းလာ အများပြည်သူများ အဆင်ပြေစေရန် လမ်းဘေး ဈေးရောင်းချသူများနှင့် စည်းကမ်းထိန်းသိမ်းရေးအစည်းအဝေးကို မြို့နယ်စည်ပင် သာယာရေးဌာနနှင့် ဆက်စပ်ဌာနများက ဩဂုတ်လ ၇ ရက်၊ နံနက် ၉ နာရီ ၃၀ က အောင်မြတ် ခန်းမ၌ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က လမ်းဘေးဈေး ရောင်းချသူများအနေဖြင့် မြို့အင်္ဂါရပ်နှင့်မညီသည့် ဈေးရောင်းချမှုမျိုးမရှိစေရန် သတ်မှတ်နေရာများတွင် ရောင်းချကြရန်နှင့် သတ်မှတ်ချက်စည်းကမ်းနှင့်အညီ ရောင်းချသွားကြရန်၊ အများပြည်သူများ သွားလာအသုံးပြုနေသည့် လမ်းပေါ်အထိတက်ပြီး ဈေးရောင်းချခြင်း မပြုကြရန်၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုမဖြစ်စေရေး စွန့်ပစ်အမှိုက်များကို စနစ်တကျစွန့်ပစ်ကြရန်နှင့် သန့်ရှင်းသပ်ရပ်သည့် ခေတ်မီဈေးရောင်းချမှုဖြစ်စေရေး လိုက်နာဆောင်ရွက်သွားကြရန် ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် အမှတ် (၁၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စု တာချီလိတ်မှ ရဲအုပ် ရဲကိုခိုင်က ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် နေ့စဉ်ယာဉ် ကြောပိတ်ဆို့မှုများ မကြာခဏ ကြုံတွေ့နေရသဖြင့် လမ်းဘေးဈေး ရောင်းချသူများအနေဖြင့် စည်းကမ်းတကျ ရောင်းချကြရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဥပဒေများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ လမ်းဦးစီးဌာနမှ မြို့နယ်လမ်းဦးစီးမှူး ဦးမြင့်ဇော်က လမ်းမကြီးဥပဒေများအကြောင်း ဆက်လက်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်မင်း ထိုက်နှင့် တာဝန်ရှိသူများ၊ အမှတ်(၁၂၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စု တာချီလိတ်မှ ရဲအုပ်ရဲကိုခိုင်နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်းများ၊ လမ်းဦးစီးဌာနမှ မြို့နယ်လမ်းဦးစီးမှူး ဦးမြင့်ဇော်၊ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် လမ်းဘေးဈေးရောင်းချသူ ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)