မြစ်ကြီးနားသြဂုတ် ၇
ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု ဖော်ဆောင်ပေးခြင်းအားဖြင့် အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေးနှင့် ခေတ်မီစံပြကျေးရွာများရှိ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွား လာစေရေးအတွက် စီမံကိန်းလုပ်ငန်းများရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၇ ရက် နံနက် ၉ နာရီက ကျေးရွာနေပြည်သူများအတွက် သက်မွေးပညာသင်တန်းများ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စီမံကိန်းလုပ်ငန်းများဖြင့် ဖွင့်လှစ်ပေးသွားမည့် အခြေခံနှင့် မွမ်းမံစက်ချုပ်သင်တန်း၊ လက်ရက်ကန်းဖဲနှတ်ကောက်သင်တန်းများ ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ တက်ရောက်ပြီး ယခုလိုလုပ်ငန်းစီမံကိန်းများဖြင့် အသေးစားကုန်ထုတ် လုပ်မှုသင်တန်းများ၊ နည်းပညာသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် ပြည်နယ်အတွင်း တစ်ပိုင်တစ်နိုင် အသေးစားကုန် ထုတ်လုပ်မှုများမှတစ်ဆင့် လုပ်ငန်းရှင်များအဖြစ် လျင်မြန်စွာ ပေါ်ထွန်းလာမည်ဖြစ်သည့်အပြင် ပြည်နယ်နှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုကို များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးက ခေတ်မီစံပြကျေးရွာဖော်ဆောင်၍ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေး လုပ်ငန်းစီမံကိန်းဖြင့် ဆောင်ရွက်မည့် မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာအတွက် အခြေခံ/မွမ်းမံစက်ချုပ်သင်တန်းနှင့် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခုဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းဖြင့် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအတွက် လက်ရက်ကန်း၊ ဖဲနုတ်ကောက်နှင့် သဘာဝ ဆိုးဆေးသင်တန်းများ ဖွင့်လှစ်နိုင်ရေး သင်တန်းသား/သူ(၂၈)ဦးတို့ထံ သင်ထောက်ကူ ပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းများဖြင့် ကချင်ပြည်နယ်အတွင်း မြစ်ကြီးနားခရိုင်တွင် ကျေးရွာ ၂ ရွာ၊ မိုးညှင်း ခရိုင်တွင် ကျေးရွာ ၂ ရွာ၊ ဗန်းမော်ခရိုင်တွင် ကျေးရွာ ၃ ရွာ၊ ပူတာအိုခရိုင်တွင် ကျေးရွာ ၂ ရွာ စုစုပေါင်း ကျေးရွာ ၉ ရွာ၌ ကျေးရွာကော်မတီများဖွဲ့စည်းကာ ဒေသနှင့်ကိုက်ညီသည့် သက်မွေးပညာနှင့် နည်းပညာသင်တန်းများကို ဖွင့်လှစ်ပေးသွားမည်ဖြစ်သည့်အပြင် လုပ်ငန်းထူထောင်ဆောင် ရွက်နိုင်သည်အထိ လိုအပ်သည့် အရင်းအနှီးပစ္စည်းများကိုလည်း ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)