မုဒုံမြို့တွင် ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်

မုဒုံ သြဂုတ် ၈

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် စာသင်ကျောင်းအခြေပြု ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကျောင်းသား/သူများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့မ (၄)ရပ်ကွက်ရှိ အ.မ.က (ကန်ကြီး)စာသင်ကျောင်း၌ ဆောင်ရွက်သည်။

ဟောပြောပွဲတွင် မုဒုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်အေးက အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးအကြောင်းအရာများ၊ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးက ကျောင်းသား/သူများ ခန္ဓာကိုယ်ဖွံ့ဖြိုးစေရန် အာဟာရ (၃)အုပ်စုဆိုင်ရာ အကြောင်းအရာများ၊ မိုးရာသီတွင် ဖြစ်ပွားတက်သည့် သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါများအကြောင်းနှင့် တစ်ကိုယ်ရည်သန့်ရှင်းမှုများရှိစေရန် ကဗျာများဖြင့် ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။

ထို့နောက် ကျောင်းသား/သူများအား အရပ်၊ ကိုယ်အလေးချိန်တိုင်းတာခြင်း၊ အရေပြား၊ သွားနှင့်ခံတွင်း၊ မျက်လုံး၊ နား၊ လည်ပင်း စသည့်ကျန်းမာရေးဆိုင်ရာများကို သွားဘက်ဆိုင်ရာ ဆရာဝန်နှင့် သူနာပြုဆရာမတို့က ကျောင်းသား/သူ(၂၂၀)ဦးကို စစ်ဆေးပေးခဲ့ပြီး လိုအပ်သည့်ဆေးဝါးများ အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)