ကွတ်ခိုင်မြို့ အ.ထ.က(၁)ကျောင်းတွင် ကျောင်းသား/ကျောင်းသူများ၏ (Biometric Data) ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူခြင်းများဆောင်ရွက်

ကွတ်ခိုင် ဩဂုတ် ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့ဦးစီးမှူးရုံးမှဝန်ထမ်းများက ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်း လုပ်ငန်းများကို ယနေ့နံနက်(၉)နာရီအချိန်က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကွတ်ခိုင်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးဇော်မိုးအောင်နှင့်ဝန်ထမ်းများက အ.ထ.က(၁)ကျောင်းမှ ကျောင်းသူ၊ကျောင်းသားများကို နိုင်(၄)အချက်အလက်များပေါ် အခြေခံ၍ နိုင်ငံသားစီစစ်ရေးကတ်ပြားများနှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ အချက်အလက်များ မှန်ကန်မှုရှိ/မရှိစစ်ဆေးခြင်း၊ မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း၊ လက်ဗွေရာများရယူခြင်းများ ဆောင်ရွက်ပေးကြောင်း သိရှိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် နိုင်ငံအတွင်းနေထိုင်သူ အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားတို့၏ (Biographic Data)နှင့် (Biometric Data) များ ကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်များသတ်မှတ်၍ မြို့နယ်အတွင်းရှိ ကျောင်းများအားလုံးတွင် အချက်အလက်များကို ဆက်လက်ကောက်ယူရေး ဆောင်ရွက်လျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးထံမှ သိရသည်။ 

ချစ်မျိုးဦး (ကွတ်ခိုင်)