ပင်းတယ ဩဂုတ် ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဆေးလိပ်ငွေ့ကင်းစင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်က ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းသုံးစွဲမှု၏ နောက်ဆက်တွဲ အန္တရာယ်များကြောင့် သုံးစွဲသူလူတစ်ဦးချင်းနှင့် မိသားစု၏ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးကိုသာမက တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်ရေးကိုပါ ထိခိုက်စေနိုင်ကြောင်း၊ ကိုယ်တိုင်ဆေးလိပ် သောက်သုံးသူမဟုတ်သော်လည်း ဆေးလိပ် သောက်သုံးသူများထံမှထွက်ရှိသည့် ဆေးလိပ်ငွေ့များကို တဆင့်ခံရှုရှိုက်မိသူများတွင်လည်း သောက်သုံးသူများကဲ့သို့ပင် ကျန်းမာရေးအန္တရာယ်များ ကျရောက်စေသောကြောင့် ရပ်ကွက်/ကျေးရွာများမှတစ်ဆင့် မြို့နယ်လုံးကျွတ် ဆေးလိပ်ငွေ့ ကင်းစင်သော ဒေသဖြစ်ထွန်းပေါ်ပေါက်လာစေရေးအတွက် ဆေးလိပ်ငွေ့ကင်းစင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကုသရေးဦးစီးဌာနမှူး ဒေါက်တာမို့မို့ကြည်က မြို့နယ်အတွင်း ဆေးလိပ်ငွေ့ကင်းစင်ရန် သတ်မှတ်ထားသည့် နေရာများတွင် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် အခြေခံပညာကျောင်းများ၊ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ ဟော်တယ်များ၊ စားသောက်ဆိုင်များနှင့် မြို့နယ်အတွင်းအခြား ဆောင်ရွက်ထားသော နေရာများ၌ ဆေးလိပ်ငွေ့ကင်းစင်ရေးအတွက် ဆောင်ရွက်သွားမည့်လုပ်ငန်းများအား ဆွေးနွေးတင်ပြသည်။ ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဆေးလိပ်ငွေ့ကင်းစင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)