မိုးညှင်း ဩဂုတ် ၈
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် အင်ကြင်းကုန်းကျေးရွာတွင် လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိစေရန်အတွက် အခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာ သင်တန်းကို ယနေ့နံနက် (၁၀)နာရီခွဲက အင်ကြင်းမြေခန်းမ၌ အခမဲ့ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သင်တန်းတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က အဆိုပါသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ယဉ်ယဉ်မြင့်က အမျိုးသမီးများနှင့် လူငယ်များအား အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့် ပြည်သူများ ဝင်ငွေတိုးပွားစေရန်နှင့် အသေးစား ကုန်ထုတ်လုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကျေးရွာကော်မတီအဖွဲ့ ခေါင်းဆောင်အား စီမံကိန်းလုပ်ငန်းတာဝန်များကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုက သင်ထောက်ကူပစ္စည်းများကိုလည်းကောင်း၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်းက ကုန်ကြမ်း ပစ္စည်းများကိုလည်းကောင်း အသီးသီး ပေးအပ်ခဲ့ကြပြီးနောက် သင်တန်းတွင်အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် သင်တန်းတွင် သင်တန်းသူ(၁၅)ဦးတက်ရောက်ကြပြီး အခြေခံစက်ချုပ်နည်းပညာ သင်တန်းတွင် လုံချည်ချုပ်နည်း၊ ချိတ်စကတ်၊ သုံးလွှာ၊ လေးလွှာအပြင်၊ ရင်စေ့၊ ရင်ဖုံး၊ နောက်ကွဲ၊ သင်္ဘောသားအင်္ကျီနှင့် ကလေးဂါဝန်တို့ကို အဓိကထားသင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် မွမ်းမံစက်ချုပ်သင်တန်းတွင် ရင်ဖုံး၊ ရင်စေ့နှင့် နောက်ကွဲအင်္ကျီများကို No bara ထည့်ချုပ်နည်းအပြင် ရှပ်အင်္ကျီ (လက်တို/ရှည်)စသည့် ပညာရပ်များကို သင်ကြားသွားမည်ဖြစ်ရာ အခြေခံတွင် တစ်လနှင့် မွမ်းမံသင်တန်းတွင် (၁၅)ရက် စုစုပေါင်း(၄၅)ရက်ကြာ ကျွမ်းကျင်ဆရာမ နှစ်ဦးက စာတွေ့လက်တွေ့ ဖြင့် အခမဲ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေမိုးညှင်း