မာန်အောင် သြဂုတ် ၈
ရခိုင်ပြည်နယ် မာန်အောင်မြို့ အ.ထ.က(ခွဲ) စျေးတန်း ပညာရေးမိသားစု (၃၂)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ(၁)နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ အခမ်းအနားကို မြို့ပေါ်ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်း(၃)ကျောင်းမှ ကျောင်းထိုင်ဆရာတော်များနှင့် တရားတော်နာ ဆရာ၊ဆရာမများနှင့် ကျောင်းသား/သူများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကြပြီး မြို့မကျောင်းကြီး ဆရာတော်ဘဒ္ဒန္တစန္ဒထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် အ.ထ.က(ခွဲ) စျေးတန်း ကျောင်းအုပ်ဆရာကြီး ဦးမြင့်လွင်နှင့် ဆရာ/ဆရာမများက ဝါဆိုသင်္ကန်းကို သံဃာတော်များအား ဆက်ကပ်လှူဒါန်းကြပြီး သံဃာတော်များမှ ပရိတ်တရားတော်များကို ချီးမြှင့်ကြသည်။
ဆက်လက်၍ သာဓုအနုမောဒနာ တရားတော်မြတ်ကို မြို့မကျောင်းကြီး ဆရာတော်ဘဒ္ဒန္တစန္ဒက ချီးမြှင့်ပြီး လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)