ကျိုက်မရော သြဂုတ် ၈
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးသီးနှံစိုက်ပျိုးမှုနှင့် မျိုးစေ့ထုတ် စိုက်ပျိုးရေးကဏ္ဍာများတွင် လုပ်ကိုင်နေသည့် တောင်သူဦးကြီးများ အဆင်ပြေစေရန်အတွက် ယမန်နေ့နံနက် ၉ နာရီက ကျေးရွာ ၃၁ ရွာမှ တောင်သူ ၃၂၃ ဦးအား ယူးရီးယားဓာတ်မြေသြဇာ ၆၆၆ အိတ်နှင့် ရွှေဇီဝသဘာဝမြေသြဇာ ၃၃၃ အိတ် စုစုပေါင်း ၉၉၉ အိတ်ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ မြေသြဇာသိုလှောင်ရုံ၌ ပထမအကြိမ် စျေးနှုန်းချိုသာစွာဖြင့် စတင်ဖြန့်ဖြူးပေးခဲ့သည်။
ကျိုက်မရောမြို့နယ်တွင် ဇူလိုင်လကုန်အထိ မိုးစပါး စိုက်ဧက ၃၂၂၂၉ စိုက်ပျိုးထားပြီးဖြစ်ကြောင်း၊ မျိုးစေ့ထုတ် ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြစိုက်ကွက်၊ စမ်းသပ်ကွက်များ စိုက်ပျိုးပြီးစီးသည့် စပါးသီးနှံများ အထွက်နှုန်းကောင်းမွန်စေရန် မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်းမှ ထုတ်လုပ်သည့် ယူးရီးယားဓာတ်မြေသြဇာ တစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀ နှုန်းနှင့် ရွှေဇီဝသဘာဝ မြေသြဇာတစ်အိတ်လျှင် ငွေကျပ် ၄၈၀၀ နှုန်းတို့ဖြင့် စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးခဲ့ရာ တောင်သူများအနေဖြင့် ကျေနပ်ဝမ်းသာလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးလှတင်မောင်ထံမှ သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)