ရန်ကုန် အောက်တိုဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန်၊ မိုးရာသီတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်နှင့် ခြင်များ ပေါက်ဖွားမှု မရှိစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများ သည် နံ့သာကုန်းရပ်ကွက်၊ အဝေရာလမ်းတွင် ရေစီးရေလာကောင်းမွန်ရေးအတွက် မြောင်းဖော်ခြင်း လုပ်ငန်းကို AE ဦး ဟန်ကျင်မှ တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းခွင်၊ ဘူတာရုံ လမ်းရေပိုက်လိုင်းသစ် သွယ်တန်းခြင်း ဆောင်ရွက်နေသည့် လုပ်ငန်းခွင်နှင့် ကမ်းနားအလယ် ရပ်ကွက်၊ အ.ထ.က (၄)ကျောင်းရှေ့ Box Culvert မြောင်းဖော် အုတ်စီ၊ မြောင်းဖုံး ဆောင်ရွက်နေသည့် လုပ်ငန်းခွင်များသို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်အကြံပြုမှာကြားခဲ့ သည်။
အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာဌာန ဆိုင်ရာများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)