အခြေခံနှင့်မွမ်းမံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ဗန်းမော် ဩဂုတ် ၈

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးပွားရေးဆောင်ရွက်မည့် အခြေခံနှင့်မွမ်းမံ စက်ချုပ်နည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ဗန်းမော်မြို့နယ် ခိုကျင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီခန့်က ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းနိုင်က အခြေခံနှင့်မွမ်းမံ စက်ချုပ်နည်းပညာသင်တန်းကို ကျေးလက်နေအတွင်းရှိ အမျိုးသမီးငယ်များမှ စက်ချုပ်ဒီဇိုင်းနာကောင်းများ ပေါ်ထွက်လာစေရန်၊ ကျေးလက်နေ အမျိုးသမီးများမှ စက်ချုပ်နည်းပညာကိုအသုံးပြု၍ အထည်များကို ဒီဇိုင်းလှပခေတ်မီစွာဖန်တီး၍  ဈေးကွက်ဝင် အထည်များအဖြစ် ထုတ်လုပ်ရောင်းချနိုင်ရန်၊ ကျေးလက်နေအမျိုးသမီးများ တစ်ပိုင်တစ်နိုင်လုပ်ငန်းများ လုပ်ကိုင်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ ရပ်ရွာအခြေပြုအသက်မွေးဝမ်း ကျောင်းပညာရပ်ဖြင့် မိသားစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သင်တန်းအဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ဗန်းမော်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်တင်စိုးက သင်တန်းနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားခြင်းနှင့် ခိုကျင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်နေဝင်းက သင်တန်းတွင်အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများပေးအပ်ရာ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက လက်ခံရယူခဲ့သည်။

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေ တိုးပွားရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း(၇)ခုအနက်မှ အခြေခံနှင့်မွမ်းမံစက်ချုပ်နည်းပညာသင်တန်းကို  ခိုကျင်ကျေးရွာတွင် ကိုယ်ပိုင်လုပ်ငန်း ထူထောင်လိုသူ သင်တန်းသူ(၁၅)ဦးအား စက်ချုပ်နည်းပညာ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကို (၇.၈.၂၀၂၃)ရက်နေ့မှ (၉.၁၀.၂၀၂၃)ရက်နေ့အထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းနှင့် စက်ချုပ်နည်းပညာ သင်တန်းအား လုပ်ငန်းထူထောင်နိုင်သည်အထိ ကျွမ်းကျင်စွာတတ်မြောက်နိုင်ရေး သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ် လုပ်ငန်းထူထောင်မည့် သင်တန်းသူ(၅)ဦးအား သတ်မှတ်ချက်နှင့်အညီရွေးချယ်ပြီး တစ်ဦးလျှင်ငွေကျပ် (၁၀) သိန်းနှင့်ညီမျှသော စက်ပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)